AFP; Feb-28(Fri)
ဆီးရီးယားနိုင်ငံ၊
အိုင်ဒဲလစ် (Idlib)စီရင်စုတွင် ဖြစ်ပွားခဲ့သော လေကြောင်း တိုက်ခိုက်မှုများအတွင်း တူရကီတပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်း ဌာနတစ်ခုက ဖေဖော်ဝါရီလ ၂၈
ရက်တွင် ဖော်ပြခဲ့ပါသည်။ ရုရှားနှင့် ဆီးရီးယား အစိုးရ၏ မဆင်မခြင်တိုက်ခိုက်မှုများကို
နေတိုးအဖွဲ့အကြီးအကဲ ဂျင်းစတိုတန်ဘတ် (Jens
Stoltenberg)ကလည်း ပြစ်တင်ဝေဖန်ခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှု ကြောင့် တူရကီတပ်ဖွဲ့ဝင်အမြောက်အမြားဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူရန် တူရကီနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း
ဆီးရီးယားနယ်စပ်ရှိ ဟာတေ (Hatay) ပြည်နယ်အုပ်ချုပ်ရေးမှူး ရာမီဒိုဂန်
(Rahmi Dogan)က ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း သူပုန်အဖွဲ့ကိုထောက်ခံသည့် တူရကီနှင့် ဆီးရီးယားအစိုးရအပါအဝင် ရုရှားနိုင်ငံတို့အကြား တင်းမာမှုများမြင့်တက်ခဲ့ပြီး
တိုက်ပွဲများပြင်းထန်လာခဲ့ခြင်းဖြစ်ပါသည်။
အန္တရာယ်ရှိသည့်အခြေအနေများကိုလျှော့ချရန်နှင့်
ဒေသတွင်းလူသားချင်း စာနာထောက်ထားမှုအခြေအနေများ
ပိုမိုဆိုးရွားလာခြင်းကိုရှောင်ရှားရန် စတိုတန်ဘတ်က တောင်းဆိုခဲ့ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက
ပြောကြားခဲ့ပါသည်။ အိုင်ဒဲလစ် စီရင်စုအတွင်း ဆီးရီးယားအစိုးရတပ်ဖွဲ့များနှင့်
ရုရှားတပ်ဖွဲ့တို့၏ လေကြောင်း တိုက်ခိုက်မှုများကိုရှုတ်ချကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးအား
နေတိုးအဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ်က
ပြောကြားခဲ့ပါသည်။ တူရကီသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့အစည်းများအား
ထောက်ပံ့လျက်ရှိသည်ဟု ရုရှားနိုင်ငံက စွပ်စွဲ ပြောကြားလျက်ရှိစဉ်
ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များအား အိုင်ဒဲလစ်ဒေသရှိ တူရကီ စောင့်ကြည့်လေ့လာရေးစခန်းများမှဆုတ်ခွာပေးရန်
တူရကီနိုင်ငံကလည်း တောင်းဆို လျက်ရှိပါသည်။
၂၀၁၈ ခုနှစ်တွင်ရရှိခဲ့သော ရုရှားနှင့် တူရကီအကြား သဘော တူညီချက်ကြောင့် အိုင်ဒဲလစ်စီရင်စုတွင် တူရကီစောင့်ကြည့်လေ့လာရေးစခန်း ၁၂ ခု
ရှိပြီး အများစုမှာ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များ၏
တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း သိရှိရပါသည်။
No comments:
Post a Comment