Sunday, February 16, 2020

ဆီးရီးယားစစ်ဘက်အနေဖြင့် အိုင်ဒဲလစ်မှ ဆုတ်ခွာခြင်းမရှိပါက စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း တူရကီက ပြောကြားခဲ့ခြင်း

 Sputnik;Feb-15(Sat)

              ဆီးရီးယားစစ်ဘက်အနေဖြင့် ဖေဖော်ဝါရီလအကုန်တွင် နောက်ဆုံးထား၍ အိုင်ဒဲလစ် (Idlib)စီရင်စုမှ ဆုတ်ခွာခြင်းမရှိပါက တူရကီအစိုးရသည် စစ်ရေးနည်းအား အသုံးပြု၍ တိုက်ထုတ်သွားမည်ဖြစ်ကြောင်း တူရကီဒုတိယသမ္မတ ဖူအတ်အော့တေ (Fuat Oktay)က ဖေဖော်ဝါရီလ ၁၅ ရက်တွင် နိုင်ငံပိုင် NTV သတင်းဌာနမှတစ်ဆင့် သတိပေးပြောကြားခဲ့ပါသည်။ တူရကီအစိုးရအနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်း အိုင်ဒဲလစ်စီရင်စု၌ အပစ်အခတ်ရပ်စဲရေးဇုန် သဘောတူညီချက်များနှင့်အညီ ၎င်းတို့ တာဝန်ရှိသည့်အတိုင်း အပြည့်အဝဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ အော့တေက ထပ်လောင်းပြောကြားခဲ့ပါသည်။ ဆီးရီးယားအပစ်အခတ်ရပ်စဲရေး ဇုန်များအား ရုရှားနှင့်တူရကီအစိုးရတို့၏ ဦးဆောင်ဦးရွက်ပြုဆွေးနွေးခြင်းဖြင့် သဘော တူညီချက်များ ရရှိခဲ့ခြင်းဖြစ်ပါသည်။ 

          ဆီးရီးယားစစ်ဘက်၏ အိုင်ဒဲလစ်စီရင်စုအတွင်း ထိုးစစ်ဆင်မှုများကြောင့် တူရကီနိုင်ငံသား ၈ ဦးသေဆုံးမှုအပေါ် တူရကီနိုင်ငံက လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာမှ ယခုလအစောပိုင်းမှစ၍ ဆီးရီးယားမြောက်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာ ခဲ့ရခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံအတွင်း လိုက်နာရမည့် ကျင့်ဝတ်များ ဖောက်ဖျက်ခဲ့ခြင်းကြောင့် အိုင်ဒဲလစ်စီရင်စုအတွင်း တင်းမာမှုများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရှုတ်ချခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ၎င်း၏စစ်ဘက်အပေါ် တိုက်ခိုက်လာမှုမှန်သမျှကို သည်းခံမည် မဟုတ်ဘဲ အကန့်အသတ်မဲ့ လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်းကို ဆီးရီးယားနှင့် ရုရှား နိုင်ငံတို့ သိရှိရန်လိုအပ်ကြောင်း ဒုတိယသမ္မတ အော့တေက တုံ့ပြန်ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။ 

No comments:

Post a Comment