Sunday, February 9, 2020

ဆီးရီးယားပဋိပက္ခနှင့်ပတ်သက်၍ ရုရှားနှင့်တူရကီတို့အကြား ဆွေးနွေးမှုများအား လာမည့်သီတင်းပတ်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဆိုခြင်း

 

TASS; Feb-9(Sun)

             ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ် (Idlib) ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခ များနှင့်ပတ်သက်၍ တူရကီနှင့် ရုရှားတို့အကြား ဆွေးနွေးညှိနှိုင်းမှုများအား လာမည့် သီတင်းပတ်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါဌာန၏ဖော်ပြချက်အရ ၎င်းတို့အနေဖြင့် လက်ရှိအချိန်တွင် အိုင်ဒဲလစ်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆိုင်ရာလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးမှုများပြုလုပ်လျက်ရှိ ပါသည်။ ၎င်းဆွေးနွေးပွဲအား တူရကီနိုင်ငံ မြို့တော် အန်ကာရာ (Ankara) ၌ ကျင်းပ ပြုလုပ်လျက်ရှိခြင်းဖြစ်ပါသည်။

             ၎င်းဆွေးနွေးပွဲသို့ တူရကီဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဆီဒက်အိုနယ်လ် (Sedat Onal) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များတက်ရောက်ခဲ့ပြီး ရုရှားဘက်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီဗာရှင်နင် (Sergei Vershinin)၊ ဆီးရီးယား နိုင်ငံဆိုင်ရာ ရုရှားသမ္မတရုံး အထူးကိုယ်စားလှယ် အလက်ဇန္ဒားလက်ဗ်ရန့်ယက်ဗ် (Alexander Lavrenyev) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များတက်ရောက်ခဲ့ပြီး နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများမှ ထိပ်တန်းကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ပါသည်။ ဆီးရီးယားနိုင်ငံမြောက်ပိုင်း အိုင်ဒဲလစ်ပြည်နယ်သည် ၂၀၁၂ ခုနှစ်မှ စတင်ကာ အကြမ်းဖက်အဖွဲ့များက ထိန်းချုပ်ထားခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအချိန်တွင် အကြမ်းဖက် အဖွဲ့များအနေဖြင့် ဆီးရီးယားအစိုးရတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ၎င်းဒေသ အတွင်း ပိတ်မိနေခဲ့ခြင်းဖြစ်ပါသည်။ သို့သော် မကြာသေးမီက အကြမ်းဖက်အဖွဲ့များသည် ၎င်းဒေသရှိ တူရကီနှင့် ရုရှားတပ်ဖွဲ့များအား တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment