Friday, February 7, 2020

ရုရှားစစ်ဘက်ကိုယ်စားလှယ်အဖွဲ့သည် ဆီးရီးယားအရေးကိစ္စအား ဆွေးနွေးရန်အတွက် တူရကီသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် စီစဉ်လျက်ရှိခြင်း

 

Sputnik; Feb-6 (Thu)

              ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ အိုင်ဒဲလစ် (Idlib) စီရင်စုအတွင်း ဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် အတွက် ရုရှားစစ်ဘက်ကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း တူရကီသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင်ကာလင် (Ibrahim Kalin) က ဖေဖော်ဝါရီလ ၆ ရက်တွင် ပြောကြားခဲ့ ပါသည်။ နှစ်နိုင်ငံသမ္မတနှစ်ဦးအကြား သဘောတူညီချက်အရ  အဆိုပါ စစ်ဘက် ကိုယ်စားလှယ်များအား ယခုကဲ့သို့ စေလွှတ်ရန်စီစဉ်ခြင်းဖြစ်ပါသည်။ ထို့ပြင် ဆိုချီ သဘောတူညီမှုအရ အိုင်ဒဲလစ် လေ့လာစောင့်ကြည့်ရေးကင်းစခန်းများနှင့် နယ်နိမိတ် များသည် မူလသဘောတူညီမှုရရှိသည့်အတိုင်း မပြောင်းလဲဘဲ ဆက်လက်တည်ရှိ နေမည်ဖြစ်ကြောင်း ကာလင်က ပြောကြားခဲ့ပါသည်။

                  ရုရှားနှင့်တူရကီနိုင်ငံတို့သည်  အိုင်ဒဲလစ်စီရင်စုအတွင်း လေ့လာစောင့်ကြည့်ရေး ကင်းစခန်းများထားရှိမှုနှင့်ပတ်သက်၍ သဘောတူညီမှုရရှိထားပြီး ရုရှားစစ်ဘက် ကိုယ်စားလှယ်အဖွဲ့ လာရောက်ပါက အဆိုပါကင်းစခန်းများ၏ လုံခြုံမှုနှင့်ပတ်သက်၍ အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း ကာလင်က ထပ်လောင်း ပြောကြားခဲ့ပါ သည်။ ထို့ပြင် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ အိုင်ဒဲလစ်စီရင်စုတွင် ဆီးရီးယားအစိုးရတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုရပ်ဆိုင်ရေးအတွက် သမ္မတ ဘာရှာအယ်လ်အာဆတ် (Barshar al-Assad) အား ဖိအားပေးရန် တူရကီ သမ္မတရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ရုရှားသမ္မတအား တိုက်တွန်းပြောကြားခဲ့ပါသည်။ တူရကီနှင့်ရုရှားနိုင်ငံတို့သည် အိုင်ဒဲလစ်ဆိုင်ရာ စစ်မဲ့ဇုန်သတ်မှတ်ရေးသဘောတူစာချုပ်အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် တွင် ရုရှားနိုင်ငံ၊ ဆိုချီ (Sochi) မြို့၌ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment