Friday, February 14, 2020

ဒေသတွင်းတည်ငြိမ်ရေးအတွက် အိုင်ဒဲလစ်စီရင်စုသို့ တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ရခြင်းဖြစ်ကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့ခြင်း

Tass; Feb-13(Thu)

              တူရကီအစိုးရသည် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ အိုင်ဒဲလစ် (Idlib) စီရင်စုအပေါ် ထိန်းချုပ်နိုင်ရန်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား ထိန်းသိမ်း နိုင်ရန်တို့အတွက် ၎င်းဒေသသို့ စစ်ဘက်တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်တပ်ဖြန့်ခဲ့ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူစီအက္ကာ (Hulusi Akar) က ဖေဖော်ဝါရီလ ၁၃ ရက် တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် အစွန်းရောက်တော်လှန်ရေးသမားများ အပါအဝင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား ချိုးဖောက်သူများအပေါ် စစ်ရေးအင်အားအသုံးပြု၍ နှိမ်နင်းသွားမည်ဖြစ်ကြောင်း ဟူလူစီက ထပ်လောင်း ပြောကြားခဲ့ပါသည်။ တူရကီအစိုးရသည် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှစ၍ အိုင်ဒဲလစ် စီရင်စုနှင့် တူရကီ- ဆီးရီးယားနယ်စပ်သို့ ၎င်း၏ တပ်ဖွဲ့များအား နေ့စဉ်စေလွှတ်တပ်ဖြန့် ခဲ့ပါသည်။

              တူရကီနိုင်ငံသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား ထိန်းသိမ်း နိုင်ရေး ရည်ရွယ်၍ အိုင်ဒဲလစ်စီရင်စုသို့ တပ်ဖွဲ့ဝင်များထပ်မံစေလွှတ်ရခြင်းဖြစ်ကြောင်း ဟူလူစီက ပြောကြားခဲ့ပါသည်။ အထက်ပါအတိုင်း တူရကီနိုင်ငံ၏ တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများ ထပ်မံတပ်ဖြန့်ခြင်းသည် အိုင်ဒဲလစ်စီရင်စုအခြေအနေအား ပိုမိုဆိုးရွားလာစေနိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက် တွင် ထုတ်ပြန်ခဲ့ပါသည်။  ဆီးရီးယားစစ်ဘက်သည် အကြမ်းဖက်နှိမ်နင်းရေးနှင့်ရန်စ ကျူးကျော်မှုများကို တုံ့ပြန်ရန်အတွက် အိုင်ဒဲလစ်စီရင်စုသို့ ဝင်ရောက်ထိုးစစ်ဆင်ခြင်း ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အထက်ပါထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။ ဆီးရီးယားစစ်ဘက်သည် ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ အကြမ်းဖက် နှိမ်နင်းရေး ရည်ရွယ်ချက်ဖြင့် အိုင်ဒဲလစ်စီရင်စုသို့ ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment