Reuters;
Sep-16 (Wed)
ဂရိနိုင်ငံ လက်စ်ဘော့(Lesbos) ကျွန်းပေါ်ရှိ
ရွှေ့ပြောင်းအခြေချနေထိုင်သူ အများအပြားထားရှိသည့် မိုရီယာ (Moria) ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွားခဲ့သဖြင့်
အဆိုပါစခန်းမှ ဒုက္ခသည် ၁၂,၀၀၀ ကျော်အား ယာယီစခန်းများသို့ ရွှေ့ပြောင်းသွားရန် ဂရိအစိုးရက
စက်တင်ဘာလ ၁၆ ရက်တွင် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ မိုရီယာ ဒုက္ခသည်စခန်းသည် ဂရိနိုင်ငံ၏
အကြီးဆုံးဒုက္ခသည်စခန်းဖြစ်ပြီး အာဖဂန်နစ္စတန်၊ အာဖရိကနိုင်ငံများနှင့် ဆီးရီးယားနိုင်ငံတို့မှ
ရွှေ့ပြောင်းအခြေချနေထိုင်သူအများဆုံး ခိုလှုံလျက်ရှိပါသည်။ မိုရီယာဒုက္ခသည်စခန်း၌
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိခဲ့၍ စောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်များ ထုတ်ပြန်ခဲ့ပြီးနောက်
မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။ ဂရိနိုင်ငံ၊ မိုင်တီလန်း (Mytilene)
ဆိပ်ကမ်းအနီးရှိ ကာရာတီပီ (Kara Tepe) ယာယီဒုက္ခသည်စခန်းအသစ်သို့ ဒုက္ခသည် ၅,၀၀၀ ထက်မနည်းအား ပို့ဆောင်သွားရန် အသင့်ဖြစ်နေကြောင်း
ဂရိအာဏာပိုင်များက ပြောကြားခဲ့ပါသည်။
ရွှေ့ပြောင်းအခြေချနေထိုင်သူများသည် ဒုက္ခသည်စခန်းအသစ်သို့
ပြောင်းရွှေ့ နေထိုင်ရန်စိတ်ဝင်စားမှုမရှိကြကြောင်းနှင့် အဆိုပါဒုက္ခသည် စခန်းအသစ်မှာ
မိုရီယာ ဒုက္ခသည်စခန်းထက် နေထိုင်မှုအခြေအနေဆိုးရွားနိုင်သည်ဟု ယုံကြည်နေကြကြောင်း
ဂရိအာဏာပိုင်တစ်ဦးက ပြောကြားခဲ့ပါသည်။ ဂရိအာဏာပိုင်များအနေဖြင့် ရွှေ့ပြောင်း အခြေချနေထိုင်သူများအား
ဒုက္ခသည်စခန်းအသစ်သို့ရွှေ့ပြောင်းရန် ရက်အနည်းငယ် ထပ်မံအချိန်ပေးသွားမည်ဖြစ်ပြီး လိုက်နာမှုမရှိသူများကို
ရဲတပ်ဖွဲ့က ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ဂရိရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာဝန်ကြီး
နိုတစ်မီတာရာချီ (Notis Mitarachi) က ပြောကြားခဲ့ပါသည်။ ဒုက္ခသည်များရွှေ့ပြောင်းမှုအား မကြာမီ ရက်များအတွင်း
အပြီးသတ်ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါစခန်းအသစ်မှာ မိုရီယာ စခန်းထက် ၂ ဆခန့်ပိုမိုကြီးမားသည့်အပြင်
လုံခြုံရေးအစီအစဉ်များလည်း ပိုမိုချမှတ် သွားမည်ဖြစ်ကြောင်း
၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ဒုက္ခသည်စခန်းအသစ်သို့ လာရောက်သူများအား ကိုရိုနာဗိုင်းရပ်စ်
ကူးစက်မှုရှိ/မရှိ စစ်ဆေးရာတွင် ရောဂါပိုး တွေ့ရှိသူ ၃၅ ဦးထက်မနည်းရှိသည့်အတွက် ဂရိဒေသခံများသည်
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု များပြားလာမည်ကို စိုးရိမ်လျက်ရှိကြပါသည်။ ထို့ပြင်
မိုရီယာဒုက္ခသည်စခန်း မီးလောင်မှုနှင့်ပတ်သက်၍
ရွှေ့ပြောင်းအခြေချနေထိုင်သူ ၆ ဦး ဖမ်းဆီးခံထားရကြောင်း သိရှိရပါသည်။
No comments:
Post a Comment