TRTworld; Nov-29 (Mon)
နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျင်းစတိုတန်ဘတ် (Jens Stoltenberg) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယမ် (Ursula Von der Leyen) တို့သည် ယခုသီတင်းပတ်အတွင်း လတ်ဗီးယားနိုင်ငံ၌ ပြုလုပ်မည့် နေတိုးအဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတိုင်မီ နိုဝင်ဘာလ ၂၉ ရက်တွင် လစ်သူရေးနီးယားနိုင်ငံ၊ ဗီနီးယက် (Vilnius) မြို့၌ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။
သုံးသပ်ချက်
ရုရှားအနေဖြင့် ယူကရိန်းနယ်စပ်အနီးတွင် တင့်ကားများ၊ အမြောက်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာအား တပ်ဖြန့်ချထားမှု အပါအဝင် စစ်ရေးတည်ဆောက်မှုများ ပြုလုပ်လျက်ရှိပါသည်။ တစ်ဖက်တွင်လည်း အရှေ့အလယ်ပိုင်းဒေသမှ ရွှေ့ပြောင်းအခြေချနေထိုင်သူ ထောင်ပေါင်းများစွာသည် ဘီလာရုဇ်နယ်စပ်မှတစ်ဆင့် EU အဖွဲ့ဝင်နိုင်ငံများနှင့် လတ်ဗီးယား၊ လစ်သူရေး နီးယားနှင့် ပိုလန်နိုင်ငံတို့အား ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထိုဖြစ်ရပ်များ ကြောင့် မျိုးစပ်ခြိမ်းခြောက်မှုများ (Hybrid threats) ဖြစ်ပေါ်လျက်ရှိသည့်အတွက် အဆိုပါလုပ်ရပ်များအား ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများက ပြန်လည်တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂသည်လည်း ဘီလာရုဇ်၏ ရွှေ့ပြောင်းအခြေချနေထိုင်သူများဝင်ရောက်မှုကို ဟန့်တားနိုင်ရေးအတွက် လက်ရှိ ၂၀၂၁ ခုနှစ်နှင့် လာမည့် ၂၀၂၂ ခုနှစ်ကာလအတွင်း၌ လတ်ဗီးယား၊ လစ်သူရေးနီးယားနှင့် ပိုလန်နိုင်ငံတို့၏ နယ်စပ်စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များတွင် အမေရိကန်ဒေါ်လာ ၂၂၆ သန်းကို ရန်ပုံငွေအဖြစ် သုံးစွဲသွားရန် ထုတ်ဖော်ပြောကြားခဲ့ ပါသည်။ ထို့ပြင် ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့အနေဖြင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု များအား ပြန်လည်တုံ့ပြန်ရာတွင် အတူတကွလက်တွဲလုပ်ဆောင်၍ ဖြေရှင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံကိုလည်း ယူကရိန်းနယ်စပ်တွင်လုပ်ဆောင်လျက် ရှိသည့် ၎င်း၏စစ်ရေးတည်ဆောက်မှုများအား ရပ်တန့်ခြင်းမရှိဘဲ အင်အားသုံးလုပ်ဆောင် မည်ဆိုပါက ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သတိပေးပြောကြား ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ၎င်း၏မဟာမိတ်နိုင်ငံအားလုံးအား ကာကွယ်ပေး သွားရန်အသင့်ရှိကြောင်းနှင့် ယူကရိန်းနိုင်ငံအပေါ်တွင်လည်း နိုင်ငံရေးနှင့် စစ်ရေးအရ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့တို့က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ ဘီလာရုဇ်နှင့် ရုရှားအနေဖြင့် လက်ရှိအချိန်တွင် EU အဖွဲ့ဝင်နိုင်ငံများနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ အပေါ် ဆန့်ကျင်ခြိမ်းခြောက်သည့် လုပ်ရပ်များလုပ်ဆောင်လျက်ရှိခြင်းကို ရပ်တန့် နိုင်ခြင်းမရှိပါက ၎င်းတို့အနေဖြင့် နေတိုးအဖွဲ့နှင့် EU အဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေးအရ ဖိအားပေးမှုများနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment