Sunday, November 14, 2021

တူရကီ၏ ခြိမ်းခြောက်ပြောဆိုမှုများအပြီးတွင် ဂရိသည် စစ်ရေးအသင့်ဖြစ်စေရန် တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်း

 

                                                                       Keeptalkinggreece; Nov-13 (Sat)

          ဂရိနိုင်ငံအနေဖြင့် တူရကီနိုင်ငံနှင့်ထိစပ်လျက်ရှိသည့် နယ်မြေနှင့် ပင်လယ်ပြင် နယ်နိမိတ်များတွင် တပ်ဖွဲ့ဝင်များအဆင်သင့်ဖြစ်စေရန်နှင့် စောင့်ကြည့်မှုများ တိုးမြှင့် ဆောင်ရွက်သွားရန် ဂရိစစ်ဦးစီးချုပ်က နိုဝင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း Keeptalkinggreece ဂရိသတင်းဌာနက နိုဝင်ဘာလ ၁၃ ရက်၌ ဖော်ပြခဲ့ ပါသည်။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ရွှေ့ပြောင်းအခြေချနေထိုင်သူများအတွက် ဂရိနိုင်ငံသို့သွားရာ နယ်စပ်ဝင်ပေါက်များကို ဖွင့်ပေးမည်ဟု  ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ဂရိအနေဖြင့် အဆိုပါစီမံချက်အား ကြိုတင် ကာကွယ်မှုအဖြစ် ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ ဂရိစစ်ဦးစီးချုပ်သည် ကြည်းတပ်၊ ရေတပ်နှင့် လေတပ်ဦးစီးချုပ်များနှင့်အတူ နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းအချိန်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့စဉ်အတွင်း မြေပြင်နှင့် ရေပြင်နယ်နိမိတ်များ၏ လုံခြုံရေးအား အထူးအလေးပေးကာ ကြိုတင်ကာကွယ်မှုအစီအမံများပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

          အဆိုပါတွေ့ဆုံမှုအတွင်း တရားမဝင်ရွှေ့ပြောင်းသွားလာမှုများ တိုးမြင့်လာခြင်း နှင့်ပတ်သက်၍ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ဆောင်ရွက်ချက်များကိုလည်း အစီရင်ခံမှု များပြုလုပ်ခဲ့ပြီး ဂရိ (Hellenic) ရဲတပ်ဖွဲ့အကြီးအကဲများ၊ ဂရိကမ်းခြေစောင့်တပ်တို့ နှင့်လည်း ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပါသည်။ တူရကီသမ္မတနှင့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Victor Orban) တို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်၌ အာဒိုဂန်သည် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos Mitsotakis) အား ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍လည်း စွပ်စွဲ ပြောကြားမှုများ ပြုလုပ်ခဲ့ပါသည်။ ဂရိဝန်ကြီးချုပ်အနေဖြင့်လည်း တူရကီသည် ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍ ဂရိ-တူရကီနယ်စပ်အား တိုက်ရိုက်ခြိမ်းခြောက် မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများအား လက်နက်သဖွယ် အသုံးပြုလျက်ရှိကြောင်း တုံ့ပြန်ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင်လည်း ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေချနေထိုင်သူများအား ဂရိနိုင်ငံသို့ပို့ဆောင်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment