Sunday, November 21, 2021

အစ္စရေးဝန်ကြီးချုပ်သည် တူရကီသမ္မတအား တယ်လီဖုန်းမှတစ်ဆင့် ကျေးဇူးတင် စကားပြောကြားခြင်း

                                                                                           Xinhua; Nov-19(Fri)

              အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက် (Naftali Bennett) သည် တူရကီ နိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ သူလျှိုလုပ်သည်ဟုသံသယရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် အစ္စရေး လူမျိုးမော်ဒီ (Mordi) နှင့် နာတာလီအိုကနင် (Natali Oknin) ဇနီးမောင်နှံအား ပြန်လည်လွှတ်ပေးခဲ့မှုနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောဆိုရန်အတွက် နိုဝင်ဘာလ ၁၈ ရက်တွင် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) ထံ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း Xinhua သတင်း ဌာနက နိုဝင်ဘာလ ၁၉ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆက်သွယ်ပြောဆိုမှုသည် နှစ်နိုင်ငံအကြား ရှားပါးသည့်ဆက်သွယ်မှုဖြစ်ပြီး အစ္စရေးလူမျိုးဇနီးမောင်နှံ အစ္စရေး နိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက်  နာရီပိုင်းအကြာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

တူရကီနိုင်ငံအနေဖြင့် ၎င်းဇနီးမောင်နှံအား ပြန်လည်လွှတ်ပေးခဲ့ခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်အတွက် ဖြေရှင်းမှုတစ်ရပ်ဖြစ်သည့်အပြင် နှစ်နိုင်ငံဆက်ဆံရေးပြတ်တောက်နေမှုအတွက် သင့်လျော်သောဆောင်ရွက်ချက်တစ်ခု ဖြစ်ကြောင်း ဘန်းနက်က ပြောကြားခဲ့ပါသည်။ ဘန်းနက်နှင့် အာဒိုဂန်တို့အကြား  တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုမှုသည် ဘန်းနက်၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ပထမဆုံးအကြိမ် ဆက်သွယ်မှုဖြစ်ပါသည်။ မော်ဒီနှင့် နာတာလီအိုကနင်တို့သည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့သို့ အလည်အပတ် ရောက်ရှိနေစဉ် အော်တိုမန်အင်ပါယာခေတ်တွင် သမ္မတရုံးအဖြစ် အသုံးပြုခဲ့သော  Dolmabahce နန်းတော်အား ဓာတ်ပုံရိုက်ခဲ့ရာ တူရကီအာဏာပိုင်များက သူလျှိုလုပ် မှုဖြင့် နိုဝင်ဘာလ ၁၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

No comments:

Post a Comment