Xinhua; Nov-19 (Fri)
ဘူလ်ဂေးရီးယားနိုင်ငံ၌ နိုဝင်ဘာလ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့သည့် လွှတ်တော် ရွေးကောက်ပွဲတွင် မကြာသေးမီကာလအတွင်း ထူထောင်ထားသော Continue the Change ညွန့်ပေါင်းပါတီအနိုင်ရရှိခဲ့ကြောင်း နိုင်ငံ၏ဗဟိုရွေးကောက်ပွဲကော်မရှင် (CEC) က နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဘူလ်ဂေးရီးယားနိုင်ငံ၌ မေလ ၁၂ ရက်မှ စက်တင်ဘာလ ၁၆ ရက်အထိ အိမ်စောင့်အစိုးရဝန်ကြီးများအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြသည့် ကီရီလ်ပတ်ကော့ဗ် (Kiril Petkov) နှင့် အက်စ်ဆန်ဗက်စီလက်ဗ် (Assen Vassilev) တို့သည် ပြီးခဲ့သည့်စက်တင်ဘာလတွင် ညွန့်ပေါင်းပါတီအား စတင်တည်ထောင်ခဲ့ပြီး ယခုရွေးကောက်ပွဲတွင် မဲအရေအတွက် ၂၅.၆၇ ရာခိုင်နှုန်း ရရှိခဲ့ကာ အမျိုးသားလွှတ်တော်၏အမတ်နေရာ ၂၄၀ အနက် ၆၇ နေရာအထိ အနိုင် ရရှိခဲ့ပါသည်။ ဘူလ်ဂေးရီးယားနိုင်ငံအား ၂၀၀၉ ခုနှစ်မှစ၍ ဆက်တိုက်အနိုင်ရရှိပြီး အုပ်ချုပ်လာခဲ့သည့် GERB ပါတီသည် ယခုပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုဒီမိုကရေစီအင်အားစုပါတီ (Union of Democratic Forces) နှင့်အတူ ညွန့်ပေါင်းဖွဲ့၍ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မဲအရေအတွက် ၂၂.၇၄ ရာခိုင်နှုန်းဖြင့် အမတ်နေရာ ၅၉ နေရာရရှိခဲ့ကာ ဒုတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း CEC က ထုတ်ပြန် ကြေညာခဲ့ပါသည်။ အခြားနိုင်ငံရေးပါတီ ၅ ခုသည်လည်း လွှတ်တော်အတွင်းသို့ ဝင်ရောက်နိုင်ရန် သတ်မှတ်ထားသည့် ၄ ရာခိုင်နှုန်းကို အသီးသီးရရှိခဲ့ကြပါသည်။
ဘူလ်ဂေးရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် အစိုးရဖွဲ့ရန်အတွက် မဲအရေအတွက်အများဆုံးရရှိသည့် ပါတီအုပ်စုမှ အမည်စာရင်း တင်သွင်းထားသောသူအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရမည်ဖြစ်ပြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အမတ်အများစု၏ ထောက်ခံအတည်ပြုမှု လိုအပ်မည် ဖြစ်ပါသည်။ ဘူလ်ဂေးရီးယားနိုင်ငံ၌ GERB ပါတီ ကြီးစိုးသည့် ညွန့်ပေါင်းအစိုးရ လေးနှစ်ကြာအုပ်ချုပ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ပထမဆုံးအကြိမ် အဖြစ် ရွေးကောက်ပွဲများစတင်ကျင်းပခဲ့ပါသည်။ သို့သော်လည်း အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခြင်းမရှိသည့်အတွက် ဒုတိယအကြိမ်ရွေးကောက်ပွဲများကို ဇူလိုင်လ ၁၁ ရက်တွင် ကျင်းပခဲ့ရာ တူညီသောရလဒ်များသာ ထွက်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် ယခုပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် ၂၀၂၁ ခုနှစ်အတွင်း တတိယအကြိမ်မြောက်ပြုလုပ်ခဲ့သည့် လွှတ်တော် ရွေးကောက်ပွဲဖြစ်ပါသည်။ သမ္မတ ရာဒက်အနေဖြင့် နိုင်ငံရေးပါတီများအား ၎င်းတို့၏ သဘောထားကွဲပြားခြားနားမှုများကိုဘေးဖယ်၍ ထိရောက်မှုရှိသည့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment