TASS; Nov-23 (Tue)
ဘီလာရုဇ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို (Alexander Lukashenko) သည် ၎င်းအား ဥရောပသမဂ္ဂ (EU) မှ ရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်ဘဲ ဘီလာရုဇ်နိုင်ငံသားများမှ သမ္မတအဖြစ် တရားဝင်ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်သည့်အတွက် ဥရောပသမဂ္ဂ၏ တရားဝင်အသိအမှတ်ပြုခြင်း၊ မပြုခြင်းအပေါ် အလေးထားနေမည်မဟုတ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်တွင် BBC သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂ အနေဖြင့် လူကာရှန်ကိုအား သမ္မတအဖြစ် တရားဝင်အသိအမှတ်မပြုသည့်အတွက် ၎င်းအပေါ်ထားရှိသည့် EU ၏ သဘောထားများကို ဂရုမစိုက်ကြောင်းနှင့် ဘီလာရုဇ် နိုင်ငံသားများ၏ သဘောထားအမြင်များကိုသာလျှင် အလေးထားဂရုစိုက်ကြောင်း လူကာရှန်ကိုက ပြောကြားခဲ့ပါသည်။ မကြာသေးမီအချိန်က ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့်ပြုလုပ်ခဲ့သည့် တယ်လီဖုန်းပြောဆိုမှုတွင် ၎င်းအပေါ် မည်သည့် အသုံးအနှုန်းဖြင့် ခေါ်ဝေါ်ခဲ့သည်ကိုသိလိုလျှင် ဂျာမနီဝန်ကြီးချုပ်ထံသို့ တိုက်ရိုက် သွားရောက်၍ မေးမြန်းနိုင်ကြောင်းကိုလည်း လူကာရှန်ကိုက BBC သတင်းဌာနသို့ ဆက်လက်ပြောကြားခဲ့ပါသည်။
တယ်လီဖုန်းပြောဆိုဆွေးနွေးမှုနှင့်စပ်လျဉ်း၍ ၎င်းအနေဖြင့် သတင်းဌာနများသို့ ကျေနပ်အားရဖွယ်ရှိသည့်အဖြေမျိုးကို ပေးစွမ်းနိုင်ခြင်းမရှိကြောင်းနှင့် သမ္မတအဖြစ် အသိအမှတ်မပြုသည့်ဖြစ်စဉ်သည် အမေရိကန်သမ္မတရွေးကောက်ပွဲဖြစ်စဉ်နှင့် အလား သဏ္ဌာန်တူညီကြောင်း လူကာရှန်ကိုက ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) အား သမ္မတအဖြစ် တရားဝင်အသိအမှတ်ပြုခြင်း၊ မပြုခြင်း သည် ဘီလာရုဇ်နိုင်ငံနှင့် မသက်ဆိုင်ဘဲ အမေရိကန်နိုင်ငံသားများနှင့်သာ သက်ဆိုင် ကြောင်း၊ ရွေးကောက်ပွဲကာလအတွင်း မည်သည့်အဖြစ်အပျက်များဖြစ်ပေါ်ခဲ့သည်ကို အမေရိကန်နိုင်ငံသားများအပါအဝင် BBC၊ CNN သတင်းဌာနနှင့် နိုင်ငံအတွင်းရှိ အခြားသတင်းဌာနများကသာလျှင် အသိဆုံးဖြစ်ကြောင်း၊ သို့ဖြစ်၍ မဲမသမာမှုများ ပြုလုပ်ခဲ့သည့် ဂျိုးဘိုင်ဒင်ကိုလည်း ၎င်းအနေဖြင့် အမေရိကန်သမ္မတအဖြစ် အသိအမှတ် မပြုကြောင်း လူကာရှန်ကိုက ထပ်လောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ၎င်းအပေါ်ထားရှိသည့် မည်သည့်သဘောထားကိုမဆို ဂရုစိုက်ခြင်းမပြုဘဲ ဥပေက္ခာပြုသွားမည်ဟု လူကာရှန်ကိုက ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment