Sunday, November 28, 2021

တူရကီသည် အိုးအိမ်မဲ့ဆီးရီးယားနိုင်ငံသားများအတွက် မြို့သစ်တစ်မြို့တည်ဆောက်ပေးခဲ့ခြင်း

 Hurriyet Daily News; Nov- 29(Mon)

              တူရကီအစိုးရသည် အိုးအိမ်မဲ့ဆီးရီးယားနိုင်ငံသားများ ရွှေ့ပြောင်းနေထိုင် နိုင်ရေးအတွက် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ အိုင်ဒဲလစ် (Idlib) ပြည်နယ်တွင် လူနေရပ်ကွက်အသစ်တစ်ခု တည်ဆောက်ခဲ့ကြောင်း Hurriyet Daily News သတင်း ဌာနက နိုဝင်ဘာလ ၂၉ ရက်တွင်ဖော်ပြခဲ့ပါသည်။ တူရကီနယ်စပ်မှ ၅ ကီလိုမီတာ အကွာရှိ မက်ရှက်ရူဟင် (Meshed Ruhin) ရွာတွင်စီစဉ်ထားသည့် အုတ်စီအိမ်ပေါင်း ၅၀,၀၀၀ အနက် ၃၀,၀၀၀ ခန့် ဆောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်ရာ ဆီးရီးယားနိုင်ငံသား ၁၈၀,၀၀၀ ခန့်သည် အိုင်ဒဲလစ်ရှိ မြို့သစ်တွင် စတင်နေထိုင်နေပြီဖြစ်ပါသည်။ ဆီးရီးယား နိုင်ငံသား ၃.၆ သန်းကျော်ကို လက်ခံထားရှိပြီးဖြစ်သည့် တူရကီသည် ၎င်း၏နယ်မြေ အတွင်းသို့ ဆီးရီးယားဒုက္ခသည်အသစ်များ ဝင်ရောက်လာမှုကို ရပ်တန့်စေရန်ရည်ရွယ်၍ ပြီးခဲ့သည့်နှစ်တွင် အိုင်ဒဲလစ်ပြည်နယ်၌ မြို့သစ်တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ ယခင်က လူဦးရေ ၁.၁ သန်းရှိခဲ့သည့် အိုင်ဒဲလစ်သည် မကြာသေးမီကာလအတွင်း လူဦးရေ ၅ သန်းခန့်အထိ မြင့်တက်လာပြီး နယ်စပ်နှင့်နီးသည့်နေရာဖြစ်သဖြင့် အဆိုပါ ရွှေ့ပြောင်းဒုက္ခသည်များအတွက် ခိုလှုံရာနေရာဖြစ်လာခဲ့ပါသည်။

              တူရကီနိုင်ငံ၏ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲမှုဌာန (Turkey’s Disaster and Emergency Management Presidency-AFAD) နှင့် ကြက်ခြေနီအဖွဲ့ တို့၏  ကြိုးပမ်းဆောင်ရွက်မှုများဖြင့် အုတ်စီအိမ် ၃၀,၀၀၀ ခန့်၊ ကလေးသူငယ်များ အတွက် ကျောင်း၊ ဆေးရုံနှင့် ပန်းခြံ၊ ကုန်တိုက်ငယ်တစ်ခုနှင့် အမျိုးသမီးများအတွက် စင်တာတစ်ခုကို အချိန်တိုအတွင်းတည်ဆောက်နိုင်ခဲ့ပါသည်။ တူရကီ၏ အဆိုပါ ဆောင်ရွက်မှုများသည် တူရကီနိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်များ ဝင်ရောက် လာနိုင်မှုကို ဟန့်တားနိုင်မည်ဖြစ်ကြောင်း တူရကီကြက်ခြေနီအသင်းအကြီးအကဲ ကယ်ရမ်ကီနစ် (Kerem Kinik) က ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်အရ ဆီးရီးယားတွင် အိုးအိမ်မဲ့ ရွှေ့ပြောင်းနေထိုင်သူ ကလေးသူငယ်ပေါင်း ၂.၅ သန်းအပါအဝင် ဒုက္ခသည်ပေါင်း ၆.၂ သန်း ရှိပြီး ကမ္ဘာပေါ်တွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူ အများဆုံးနေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment