TRTworld; Nov-29 (Mon)
နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျင်းစတိုတန်ဘတ် (Jens Stoltenberg) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယမ် (Ursula Von der Leyen) တို့သည် ယခုသီတင်းပတ်အတွင်း လတ်ဗီးယားနိုင်ငံ၌ ပြုလုပ်မည့် နေတိုးအဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတိုင်မီ နိုဝင်ဘာလ ၂၉ ရက်တွင် လစ်သူရေးနီးယားနိုင်ငံ၊ ဗီနီးယက် (Vilnius) မြို့၌ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးမှုအတွင်း ဥရောပသမဂ္ဂ (EU) နှင့် နေတိုးခေါင်းဆောင်များသည် ယူကရိန်းနယ်စပ်အနီး၌ ရုရှား၏ စစ်ရေးတည်ဆောက်မှုများနှင့် ဘီလာရုဇ် ရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ အကျပ်အတည်းများနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လျက်ရှိသည့် မျိုးစပ်ခြိမ်းခြောက်မှုများ (Hybrid Threats) အား တုံ့ပြန်ရာတွင် အတူတကွလက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။ ထို့ပြင် နေတိုးနှင့် EU အကြား ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍လည်း ဆွေးနွေး ခဲ့ကြောင်း စတိုတန်ဘတ်က ပြောကြားခဲ့ပါသည်။
ဘီလာရုဇ်နိုင်ငံသည် ဥရောပသမဂ္ဂအား ပစ်မှတ်ထားသည့် မျိုးစပ်ခြိမ်းခြောက်မှုများ ပြုလုပ်ရန် ရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ အကျပ်အတည်းအား ကြိုးကိုင် ခြယ်လှယ်လျက်ရှိကြောင်း စတိုတန်ဘတ်နှင့် ဗွန်ဒါလီယမ်တို့က စွပ်စွဲပြောကြားခဲ့ပါ သည်။ အရှေ့အလယ်ပိုင်းဒေသမှ ရွှေ့ပြောင်းအခြေချနေထိုင်သူထောင်ပေါင်းများစွာသည် ပြီးခဲ့သည့်လများအတွင်း ဘီလာရုဇ်နယ်စပ်မှတစ်ဆင့် EU နှင့်နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ် သော လတ်ဗီးယား၊ လစ်သူရေးနီးယားနှင့် ပိုလန်နိုင်ငံတို့အား ဝင်ရောက်ရန် ကြိုးပမ်း ခဲ့ကြပါသည်။ ထိုသို့ ဝင်ရောက်ရန်ကြိုးပမ်းမှုများကို ကာကွယ်ရန်အတွက် ဥရောပ သမဂ္ဂအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း လတ်ဗီးယား၊ လစ်သူရေးနီးယားနှင့် ပိုလန်နိုင်ငံတို့၏ နယ်စပ်စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၂၂၆ သန်းကို ရန်ပုံငွေအဖြစ် သတ်မှတ်ထားရှိကြောင်းကိုလည်း ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယမ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment