Aljazeera; Nov-23(Tue)
ယူအေအီး အိမ်ရှေ့မင်းသား ရှိတ်မိုဟာမက်ဘင်ဇာရပ်အယ်လ်နာရန် (Sheikh Mohammed bin Zayed Al Nahyan)သည် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)နှင့် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်နိုင်ရေးအတွက် တူရကီနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း တူရကီသမ္မတရုံးက နိုဝင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ လစ်ဗျားပဋိပက္ခတွင် ပါဝင်သောအဖွဲ့တို့အပေါ် ဆန့်ကျင်ဘက် အသီးသီးမှ ကျောထောက်နောက်ခံပြုထားသည့် ယူအေအီးနှင့် တူရကီနိုင်ငံတို့အကြား ယခုပြုလုပ်မည့် ဆွေးနွေးမှုသည် နှစ်ပေါင်းများစွာအတွင်း အဆင့်မြင့်ဆုံး အပြန်အလှန် ဆက်သွယ်မှုတစ်ခုဖြစ်လာကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။ တွေ့ဆုံမှုအတွင်း အိမ်ရှေ့မင်းသား အယ်လ်နာရန်နှင့် သမ္မတ အာဒိုဂန်တို့သည် ရှု့ထောင့်ပေါင်းစုံမှ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ပြန်လည်သုံးသပ်မှုများအပါအဝင် အပြန် အလှန်အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များတွင် အောင်မြင်မှုရရှိရန် ကဏ္ဍစုံ၌ ၂ နိုင်ငံ ဆက်ဆံရေးခိုင်မာအားကောင်းအောင် ဆောင်ရွက်နိုင်ရေးအလားအလာများ၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ဘုံစိုးရိမ်ပူပန်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အလေးထား ဆွေးနွေးသွားမည် ဖြစ်ပါသည်။
နှစ်နိုင်ငံခေါင်းဆောင်တို့သည် ဩဂုတ်လ ၃၁ ရက်တွင်လည်း တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းအရေး ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက် ကာဗူဆိုကလူ (Mevlut Cavusoglu) ကလည်း တူရကီနှင့်ယူအေအီးနိုင်ငံတို့၏ ဆက်ဆံရေးသည် အပြုသဘောဆောင်သည့်အခြေအနေတစ်ခုသို့ မကြာမီအချိန်အတွင်း ပြောင်းလဲသွားနိုင်ကြောင်း စက်တင်ဘာလအတွင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့် မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ တူရကီအစိုးရသည် ပြီးခဲ့သည့်လများအတွင်း ယူအေအီး၊ အာရပ်မဟာမိတ်နိုင်ငံများနှင့် ဖြစ်ပေါ်နေသောတင်းမာမှုများကို လျှော့ချရန် ကြိုးပမ်း ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment