ထိုင်ဝမ်အစိုးရသည် လစ်သူရေးနီးယားနိုင်ငံ၊ မြို့တော် ဗီလ်နီးယပ်စ် (Vilnius) ၌ ထိုင်ဝမ်အမည်ဖြင့် ၎င်းတို့ကိုယ်စားလှယ်ရုံးအား ဖွင့်လှစ်ခဲ့ကြောင်း နိုဝင်ဘာလ ၁၈ ရက်တွင် ကြေညာခဲ့ပါသည်။ ထိုင်ဝမ်သည် တရုတ်၏ အချုပ်အခြာ အာဏာအောက်တွင် တည်ရှိနေမှုကြောင့် ဥရောပနှင့် အမေရိကန်တို့တွင်ဖွင့်လှစ် ထားသည့် အခြားသောထိုင်ဝမ်ရုံးများအား တရုတ်နိုင်ငံ၊ တိုင်ပေ (Taipei) မြို့အမည် ဖြင့်သာဖွင့်လှစ်ခဲ့ပါသည်။ ထို့ကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံက လစ်သူရေးနီးယားနိုင်ငံအပေါ် ပြင်းပြင်းထန်ထန်ပြစ်တင်ပြောကြားခဲ့ပြီး နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်လာနိုင်မှုအား သတိပေးပြောကြားခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံ အနေဖြင့် ၁၈ နှစ်တာကာလအတွင်း ဥရောပတွင် ထိုင်ဝမ်အမည်ဖြင့် ပထမဆုံး ကိုယ်စားလှယ်ရုံးအား ဖွင့်လှစ်ရန်အတွက် သဘောတူခွင့်ပြုပေးခဲ့ကြောင်း ဇူလိုင်လတွင် ထုတ်ဖော်ပြောကြားထားခဲ့ပါသည်။ ၎င်းခွင့်ပြုချက်သည် ထိုင်ဝမ်နှင့် လစ်သူရေးနီးယား တို့အကြား နှစ်နိုင်ငံဆက်ဆံရေးအတွက် အထောက်အပံ့တစ်ရပ်ဖြစ်စေသည့်အပြင် အလားအလာကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပါသည်။
လစ်သူရေးနီးယားနိုင်ငံ၏ သဘောတူခွင့်ပြုခဲ့မှုအပေါ် တရုတ်မှ ပြင်းပြင်း ထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် လစ်သူရေးနီးယားဆိုင်ရာ တရုတ်သံအမတ်အား တရုတ်အစိုးရက ပြန်လည်ခေါ်ယူခဲ့ပါသည်။ ထိုင်ဝမ်သည် နိုင်ငံ ၁၅ နိုင်ငံနှင့်သာ တရားဝင်သံတမန်ဆက်ဆံရေးတည်ဆောက်ထားပြီး တရုတ်အနေဖြင့် ထိုင်ဝမ်နှင့် ၎င်းနိုင်ငံများအကြား အပြန်အလှန်ဆက်ဆံရေးများအား ကန့်သတ်ရန်၊ သို့မဟုတ် ဖြတ်တောက်ရန် ကြိုးပမ်းမှုများပြုလုပ်လျက်ရှိပါသည်။ ထို့ပြင် ထိုင်ဝမ် ကိုယ်စားလှယ်ရုံးအား ဖွင့်လှစ်ခွင့်ပေးခဲ့သည့် လစ်သူရေးနီးယားနိုင်ငံ၏ ဆုံးဖြတ်ချက် အပေါ် ချက်ချင်းပြန်လည်ပြင်ဆင်ရန်တောင်းဆိုခဲ့ပြီး အဆိုပါလုပ်ဆောင်ချက်သည် တရုတ်နိုင်ငံ၏ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မှုပင်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြစ်တင်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment