Wednesday, February 19, 2020

တူရကီသည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စု၌ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိခြင်း

 

Presstv; Feb-18 (Tue)

              တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) စီရင်စုရှိ လေ့လာ စောင့်ကြည့်ရေးကင်းစခန်းများသို့ စစ်ဘက်သုံးမော်တော်ယာဉ် အစီး ၃၀၀ ခန့်အား ပို့ဆောင်ခဲ့ကြောင်း ဟာဘက်တွတ် (Haberturk) သတင်းဌာနက ဖေဖော်ဝါရီလ ၁၈ ရက် တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ စစ်ဘက်သုံးမော်တော်ယာဉ်များနှင့်အတူ သံချပ်ကာ ယာဉ်များနှင့် ယာဉ်တင်အမြောက်ကြီးများလည်းပါဝင်ကြောင်း အဆိုပါသတင်းဌာနက ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီစစ်ယာဉ်တန်းများသည် မဟာဗျူဟာမြောက် M4 အဝေးပြေးလမ်းမကြီးအနီး အိုင်ဒဲလစ်စီရင်စုရှိ စစ်သွေးကြွများထိန်းချုပ်ထားသည့် မာတာရင် (Matarim) ကျေးရွာသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ အဝေးပြေး လမ်းမကြီးသည် ပဋိပက္ခများဖြစ်ပွားလျက်ရှိသည့် ဆာရာကွတ် (Saraqeb) မြို့နှင့် အစိုးရထိန်းချုပ်ထားသည့် လာတာကီးယား (Latakia) မြို့များကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးဖြစ်ပါသည်။

              တူရကီနိုင်ငံသည် အိုင်ဒဲလစ်စီရင်စု၌ လေ့လာစောင့်ကြည့်ရေး ကင်းစခန်း ၁၂ ခုဖွင့်လှစ်ထားရှိသော်လည်း အဆိုပါကင်းစခန်းများမှအချို့သည် လက်ရှိအချိန်တွင် ရုရှားနှင့် ဆီးရီးယားတပ်ဖွဲ့များထိန်းချုပ်ထားသည့် နယ်မြေအတွင်း၌ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် ယခုလအတွင်း အိုင်ဒဲလစ်စီရင်စု၌ ဆီးရီးယားအစိုးရတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့်  တူရကီစစ်သည် ၁၃ ဦး သေဆုံးခဲ့ရာမှစတင်၍ ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ တူရကီ နိုင်ငံအနေဖြင့် ဆီးရီးယားအစိုးရတပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုအချို့ပြုလုပ်ခဲ့ပြီးနောက် ထိုကဲ့သို့ စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment