Wednesday, February 5, 2020

ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်ဒေသရှိ တူရကီတပ်ဖွဲ့များတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ရုရှားနှင့်တူရကီခေါင်းဆောင်များ ဆွေးနွေးခဲ့ကြခြင်း

 

Xinhua; Feb-4(Tue)

             တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ရုရှားသမ္မတဗလာဒီမာပူတင် (Vladimir Putin) တို့သည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) ဒေသ၌ တပ်ဖြန့်ထားသော တူရကီတပ်ဖွဲ့များတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့သည်ဟု တူရကီအစိုးရက ဖေဖော်ဝါရီလ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လိုအပ်သောလုပ်ဆောင်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ထိထိရောက်ရောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထို့ပြင် အိုင်ဒဲလစ်ဒေသနှင့် ပတ်သက်၍ တူရကီနှင့် ရုရှားတို့အကြား သဘောတူညီချက်များအား နှစ်ဖက်စလုံးမှ အတိအကျလိုက်နာသွားရန်လိုအပ်ကြောင်းနှင့် ၎င်းဒေသအတွင်း အကြမ်းဖက်အဖွဲ့ များ ဖယ်ရှားနိုင်ရေး ပိုမိုကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်သည်ဟုလည်း ထုတ်ပြန် ချက်တွင် ဖော်ပြထားပါသည်။

            ထို့ပြင် အဆိုပါခေါင်းဆောင်နှစ်ဦးသည် လစ်ဗျားအရေးကိစ္စရပ်များ၊ တူရကီ- ရုရှားဆက်ဆံရေးကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှု၌ သမ္မတ အာဒိုဂန်က ဆီးရီးယားအရေးနှင့်ပတ်သက်၍ တူရကီနှင့် ရုရှားတို့အကြား သဘောထားကွဲလွဲမှုအချို့အား ဖြေရှင်းရာတွင် ပဋိပက္ခဖြစ်ပေါ်နိုင်မှုအား ဖယ်ရှား၍ ကောင်မွန်စွာဆောင်ရွက်နိုင်ရန် ယုံကြည်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်ဒေသ၌ ဖေဖော်ဝါရီလ ၃ ရက်တွင် တူရကီ ကင်းစခန်းတစ်ခုအား ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားအစိုးရတပ်ဖွဲ့များ က ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် တူရကီစစ်ဘက်တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment