Thursday, November 12, 2020

ရုရှားနှင့် တူရကီနိုင်ငံတို့သည် နာဂေါ်နို-ကရာဘတ်ခ်ဒေသတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နှစ်နိုင်ငံပူးတွဲလေ့လာစောင့်ကြည့်ရေး စင်တာတစ်ခုအား တည်ထောင်သွားမည်ဆိုခြင်း

 

Tass ; Nov -12 (Thu)

              ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူး (Sergi Shoigu) နှင့် တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) တို့သည် နာဂေါ်နို-ကရာဘတ်ခ် ဒေသတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နှစ်နိုင်ငံပူးတွဲလေ့လာစောင့်ကြည့်ရေးစင်တာ တစ်ခုအား တည်ထောင်ရေးနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာတစ်ရပ်အား  လက်မှတ် ရေးထိုးခဲ့ကြောင်း  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၂ ရက်တွင် ပြောကြား ခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အရ နှစ်နိုင်ငံပူးတွဲလေ့လာစောင့်ကြည့်ရေးစင်တာအား အဇာဘိုင်ဂျန်နိုင်ငံပိုင်နက်အတွင်း ထားရှိသွားမည်ဖြစ်ပြီး အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ရုရှားနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘော တူညီချက်ပါအချက်များအား ပြီးမြောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ သဘောတူညီချက်အား ချိုးဖောက်သည့်လုပ်ရပ်များအား စောင့်ကြည့် လေ့လာခြင်း စသည့်ကိစ္စရပ်များအား လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းစင်တာသည်  နာဂေါ်နို- ကရာဘတ်ခ်ဒေသနှင့်ပတ်သက်၍ မည့်သည့်ကိစ္စရပ်ကိုမဆို ဖြေရှင်းပေးသွားမည့် အရေးပါသောအဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

              နာဂေါ်နို-ကရာဘတ်ခ်ဒေသ ငြိမ်းချမ်းရေးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်အား အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါရှင်ရန် (Nikol Pashinyan)၊ အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက်ဗ် (Ilham Aliyev)နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) တို့က နိုဝင်ဘာလ ၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၎င်းသဘောတူညီချက်သည် နိုဝင်ဘာလ ၁၀ ရက်တွင် စတင်အကျုံးဝင်ခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် အလီယက်ဗ် သည်  တူရကီ သမ္မတ ရီဆက်တေးရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့်တွေ့ဆုံ၍ နာဂေါ်နို-ကရာဘတ်ခ်ဒေသအခြေအနေများနှင့် တူရကီ-ရုရှားနှစ်နိုင်ငံပူးတွဲ ငြိမ်းချမ်းရေးစင်တာ တစ်ခု တည်ဆောက်သွားရန်စသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း အဇာဘိုင်ဂျန် သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment