Ahvalnews; Nov-8(Sun)
တူရကီနိုင်ငံခြားရေးဝန်ကြီး မဲဗက်ကာဗူဆိုဂလူ
(Mevlut Cavusoglu) နှင့် ကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) တို့သည် အဇာဘိုင်ဂျန်သမ္မတ
အီဟမ်အလီရက်ဗ် (Ilham Aliyev) နှင့် အစည်းအဝေးပြုလုပ်ရန်အတွက် အဇာဘိုင်ဂျန် နိုင်ငံသို့
နိုဝင်ဘာလ ၈ ရက်တွင် ရောက်ရှိခဲ့ကြောင်း အဇာဘိုင်ဂျန်နိုင်ငံပိုင် Azertac သတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဇာဘိုင်ဂျန်တပ်ဖွဲ့ဝင်များသည်
နာဂေါ်နို-ကရာဘတ်ခ် (Nagorno-Karabakh)
နယ်စပ်ဒေသရှိ ဆူရှာ (Shusha) မြို့အား သိမ်းပိုက် ရရှိခဲ့ကြောင်း ကြေညာခဲ့ပြီးနောက်
အဆိုပါခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
အစည်းအဝေးအတွင်း အဇာဘိုင်ဂျန်နိုင်ငံအား တူရကီနိုင်ငံ၏ ထောက်ပံ့ပေးခဲ့မှုများ
နှင့်ပတ်သက်၍ ကျေးဇူးတင်ရှိကြောင်း သမ္မတ အလီရက်ဗ်က အလေးထားပြောကြား ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်
(Recep Tayyip Erdogan) အနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံအား နိုင်ငံရေးဆိုင်ရာထောက်ပံ့မှုနှင့်
စိတ်ဓာတ်ရေးရာထောက်ပံ့မှုများကို ပြီးခဲ့သည့်လများအတွင်း၌သာမက အနာဂတ် ကာလတွင်လည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို
ကျေးဇူးတင်ကြောင်း အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီရက်ဗ် (Ilham Aliyev) က ပြောကြားခဲ့ပါသည်။
အဇာဘိုင်ဂျန်စစ်ဘက်အနေဖြင့် ဆူရှာမြို့ကို ပြန်လည်သိမ်းပိုက် နိုင်မှုနှင့်ပတ်သက်၍လည်း
အဇာဘိုင်ဂျန်သမ္မတ၏ခေါင်းဆောင်မှုအား ချီးကျူးကြောင်း မဲဗက်ကာဗူဆိုဂလူက ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့ပါသည်။ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့သည်
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ နာဂေါ်နို-ကရာဘတ်ခ်ဒေသပိုင်ဆိုင်မှုအရေးနှင့်ပတ်သက်၍
နှစ်နိုင်ငံအကြား စစ်ပွဲပြန်လည် ဖြစ်ပွားလျက်ရှိပါသည်။ နှစ်နိုင်ငံနယ်မြေပိုင်ဆိုင်ရေး
အငြင်းပွားမှုစတင်ဖြစ်ပွားခဲ့ချိန် မှစ၍ တူရကီနိုင်ငံသည်
အဇာဘိုင်ဂျန်နိုင်ငံအား နိုင်ငံရေးနှင့်စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း
သိရှိရပါသည်။
သုံးသပ်ချက်
နာဂေါ်နို- ကရာဘတ်ခ်ဒေသသည် အဇာဘိုင်ဂျန်နိုင်ငံထဲတွင် တည်ရှိသော်လည်း
အာမေးနီးယန်းတို့မှထိန်းချုပ်ထားသည့် ဒေသတစ်ခုဖြစ်ပါသည်။
၎င်းဒေသသည် စတုရန်းမိုင် ၁,၇၀၀ ခန့်သာရှိ၍ လူဉီးရေတစ်သိန်းခွဲကျော်ခန့်နေထိုင်လျက်ရှိပြီး
တောတောင်ထူထပ်သည့် ကုန်းမြင့်ဒေသတစ်ခုဖြစ်ပါသည်။
၎င်းဒေသနှင့်ပတ်သက်၍ ပိုင်ဆိုင်မှုအငြင်းပွားရာမှစတင်ပြီး
အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့အကြား
ဇူလိုင်လမှစတင်၍ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ နှစ်နိုင်ငံအကြားပဋိပက္ခ
သည် စက်တင်ဘာလ ၂၇ ရက်တွင် စစ်ပွဲအသွင်သို့ရောက်ရှိခဲ့ပါသည်။ လက်ရှိတွင် တူရကီနိုင်ငံအနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံဘက်မှ ပါဝင်ကူညီပေးလျက်ရှိပြီး
တိုက်လေယာဉ် များအပါအဝင် ကြေးစားစစ်သည်များကို ၎င်းဒေသသို့ စေလွှတ်ပေးလျက်ရှိကြောင်း
သိရှိရပါသည်။ တူရကီနှင့် အဇာဘိုင်ဂျန် စစ်ဘက်နှစ်ရပ်တို့အကြားတွင် ချစ်ကြည် ရင်းနှီးသော
မိတ်ဖက်ဆက်ဆံရေးများရှိပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများ
လုပ်ဆောင်လျက်ရှိသည့်အပြင် တစ်နိုင်ငံတိုက်ခိုက်ခံရပါက တစ်နိုင်ငံက ပါဝင်ကူညီပေးရေးအတွက်
သဘောတူညီချက်တစ်ရပ်ကို ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းက လက်မှတ်ရေးထိုးခဲ့ပါသည်။ အာမေးနီးယား-
အဇာဘိုင်ဂျန် ပဋိပက္ခတွင် တူရကီနိုင်ငံ၏အခန်းကဏ္ဍမှာ အဓိကပါဝင်လျက်ရှိရာ တူရကီနိုင်ငံမှ
ဝန်ကြီးများအနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံသို့လာရောက်ခြင်းသည်
နာဂေါ်နို- ကရာဘတ်ခ် ဒေသအရေးနှင့်ပတ်သက်၍
ဆွေးနွေးအဖြေရှာခြင်းဖြစ်နိုင်သော်လည်း တစ်ဖက်တွင် တူရကီအနေဖြင့်
အဇာဘိုင်ဂျန်အပေါ် စစ်ရေးဆိုင်ရာအကူအညီများ ပိုမိုဖြည့်တင်းပေး
လာနိုင်ခြင်းကြောင့် နာဂေါ်နို- ကရာဘတ်ခ်ဒေသတွင်
တင်းမာမှုများ ပိုမိုပြင်းထန်လာ နိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment