Tuesday, October 26, 2021

ဂရိနှင့် တူရကီအကြား ကောင်းမွန်သည့်အိမ်နီးချင်းကောင်းဆက်ဆံရေးကို တွေ့မြင်လိုကြောင်း ဂျာမနီက ပြောကြားခဲ့ခြင်း

 

Anadolu Agency;Oct-27(Wed)

              ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Markel) သည် ဂရိနိုင်ငံသို့ မထွက်ခွာမီ တစ်ရက်အလိုတွင် ဂရိနှင့် တူရကီနိုင်ငံတို့အကြား ကောင်းမွန်သည့် အိမ်နီးချင်းကောင်းဆက်ဆံရေးကိုတွေ့မြင်လိုကြောင်း ပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင်စီဘတ် (Steffen Seibert) က အောက်တိုဘာလ ၂၇ ရက် တွင် ပြောကြားခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဂရိနှင့် တူရကီနိုင်ငံတို့အကြား ကောင်းမွန်သည့်အိမ်နီးချင်းကောင်းဆက်ဆံရေးသည် အလွန် အရေးကြီးကြောင်းနှင့် ၎င်းတို့နှစ်နိုင်ငံအတွက်သာမက ဥရောပနိုင်ငံများအားလုံး အတွက်ပါ အကျိုးရှိကြောင်း ဂျာမနီနိုင်ငံ၊ မြို့တော်ဘာလင် (Berlin) တွင် ကျင်းပ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ စတီဖင်စီဘတ်က ပြောကြားခဲ့ပါသည်။ ထို့နောက် မာကဲလ်သည် ဂရိဝန်ကြီးချုပ် ကူရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) နှင့် ဂရိသမ္မတ ကတ်တီရီနာဆက်ကယ်လာရိုပူလို (Katerina Sakellaropoulou) တို့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားရန် စီစဉ်ထားရှိခဲ့ပါသည်။  

          နှစ်နိုင်ငံအကြားပြဿနာရပ်များနှင့် အရှေ့မြေထဲပင်လယ်ရှိ ပင်လယ်ရေကြောင်း ဆိုင်ရာအငြင်းပွားမှုများအား သံတမန်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ရန် ရည်ရွယ် ထားရှိသည့် ဂရိနှင့် တူရကီနိုင်ငံတို့အကြား တိုက်ရိုက်ဆွေးနွေးမှုများကို ဂျာမနီနိုင်ငံ အနေဖြင့် အပြည့်အဝထောက်ခံကြောင်း စီဘတ်က ပြောကြားခဲ့ပါသည်။ မာကဲလ် သည် နေတိုးမဟာမိတ်နိုင်ငံများဖြစ်သည့် ဂရိနှင့် တူရကီနိုင်ငံတို့အကြားရှိ တင်းမာမှု များကို ဖြေလျှော့ပေးရန်အတွက် ပြီးခဲ့သည့်နှစ်အတွင်းက အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။ မာကဲလ်သည် ဂျာမနီဝန်ကြီးချုပ်အဖြစ် ၁၆ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ယခုနှစ်နှောင်းပိုင်းတွင် ရာထူးမှနုတ်ထွက်ရန်ပြင်ဆင်လျက် ရှိသော်လည်း စက်တင်ဘာလ ၂၆ ရက် အထွေထွေရွေးကောက်ပွဲအပြီး ညွန့်ပေါင်း အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီးချိန်အထိ ၎င်း၏ရာထူးတွင် ဆက်လက်တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment