အာရှ၊ အာဖရိကနှင့်ဥပရောပဒေသတို့အကြားတည်ရှိသောမြေထဲပင်လယ်အရှေ့ပိုင်းဒေသသည်သမိုင်းကြောင်းတစ်လျှောက်ကမ္ဘာ့ကုန်သွယ်ရေးအတွက်အရေးပါသောမဟာဗျူဟာမြောက်လမ်းဆုံတစ်ခုဖြစ်ပါသည်။
အိန္ဒိယသမုဒ္ဒရာနှင့်မြေထဲပင်လယ်ကိုဆက်သွယ်ပေးသောစူးအက်တူးမြောင်းကြောင့်မြေထဲပင်လယ်အရှေ့ပိုင်းဒေသသည်အာရှနှင့်ဥရောပဈေးကွက်များအကြားအတိုဆုံးပင်လယ်ရေလမ်းကြောင်းလည်းဖြစ်ပါသည်။
ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု၏ ၁၂ ရာခိုင်နှုန်းနီးပါးနှင့်အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်တန်ဖိုးရှိကုန်စည်များသည်အဆိုပါတူးမြောင်းကတစ်ဆင့်နှစ်စဉ်ဖြတ်သန်းလျက်ရှိပါသည်။
ပင်လယ်ကွေ့ဒေသမှဥရောပဈေးကွက်များသို့ရေနံနှင့်ဓာတ်ငွေ့များသယ်ယူပို့ဆောင်ရေးအတွက်အရေးပါသောလမ်းကြောင်းတစ်ရပ်လည်းဖြစ်ပါသည်။
ဥရောပဒေသ၏စွမ်းအင်လိုအပ်ချက် ၇ဝ ရာခိုင်နှုန်းခန့်ကိုမြေထဲပင်လယ်ကတစ်ဆင့်နှစ်စဉ်သယ်ယူပို့ဆောင်လျက်ရှိပါသည်။
ထို့ကြောင့်တရုတ်နိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင်အဆိုပါဒေသ၌သြဇာလွှမ်းမိုးရန်ကြိုးပမ်းလာပါသည်။
တရုတ်နိုင်ငံသည်မြေထဲပင်လယ်အရှေ့ပိုင်းဒေသ၌သြဇာလွှမ်းမိုးနိုင်ရန်အတွက်၎င်း၏ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း
(Belt and Road Initiative-BRI) ကိုအသုံးချလျက်ရှိပါသည်။
တရုတ်နိုင်ငံ၏မြေထဲပင်လယ်အရှေ့ပိုင်းဒေသဆိုင်ရာမူဝါး၊
ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (BRI)
လက်ရှိအချိန်တွင်တရုတ်နိုင်ငံအနေဖြင့်အဓိကအားဖြင့်ဂရိနိုင်ငံရှိ
Piraeus ဆိပ်ကမ်း၊ တူရကီနိုင်ငံရှိ Kumport ဆိပ်ကမ်း၊ အီဂျစ်နိုင်ငံရှိ E1
Dekheilan နှင့် Alexan dria ဆိပ်ကမ်းများနှင့်အစ္စရေးနိုင်ငံရှိ Haifa နှင့်
Ashdod ဆိပ်ကမ်းများကဲ့သို့တရုတ်-အလယ်အာရှ၊ အနောက်အာရှစီးပွားရေးစင်္ကြံနှင့်ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတို့အပါအဝင်အခြေခံအဆောက်အအုံဆိုင်ရာရင်းနှီးမြှုပ်နှံမှုများရှိနေပါသည်။
အီဂျစ်နိုင်ငံတွင်လည်းတရုတ်နိုင်ငံကစူးအက်တူးမြောင်းစက်မှုလုပ်ငန်းဇုန်၌ရင်းနှီးမြှုပ်နှံထားပြီးရပ်ဝန်းနှင့်ပိုးလမ်းစီမံကိန်းတစ်စိတ်တစ်ပိုင်းအဖြစ်အမေရိကန်ဒေါ်လာ
၃ ဘီလီယံတန်ဖိုးရှိအဆိုပါစီမံကိန်း၏ ၈၅ ရာခိုင်နှုန်းကိုငွေကြေးထောက်ပံ့လျက်ရှိပါသည်။
အလားတူစွာပင်တရုတ်နိုင်ငံအနေဖြင့်ဂရိနိုင်ငံ၌သန့်ရှင်းသောစွမ်းအင်စီမံကိန်းများစွာ၌
၂ဝ၁၆ ခုနှစ်ကတည်းကရင်းနှီးမြှုပ်နှံထားကြောင်းသိရှိရပါသည်။
တရုတ်နိုင်ငံကအစ္စရေးနိုင်ငံတွင်လည်းသယ်ယူပို့ဆောင်ရေး၊
နည်းပညာနှင့်အခြားသောစက်မှုလုပ်ငန်းများ၌ရင်းနှီးမြှုပ်နှံထားပါသည်။ အစ္စရေးနိုင်ငံအတွင်းတရုတ်နိုင်ငံ၏အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုသည်
Emba Hunutlu ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတို့ဖြစ်ပါသည်။ တရုတ်နိုင်ငံအနေဖြင့်
Marmara ပင်လယ်မှပင်လယ်နက်သို့ဆက်သွယ်ရန်ရည်ရွယ်ထားသောကုန်စည်ပို့ဆောင်ရေးတူးမြောင်းတစ်ခုဖြစ်သည့်
Kanal Istanbul စီမံကိန်းကိုငွေကြေးထောက်ပံ့မည့်ကိစ္စရပ်နှင့် ပတ်သက်၍လည်း တူရကီနိုင်ငံနှင့်ဆွေးနွေးလျက်ရှိပါသည်။
တရုတ်ကုမ္ပဏီ ၁ ဝဝဝကျော်သည်ခရီးသွားလုပ်ငန်းနှင့်ငွေကြေးထောက်ပံ့မှုမှသယ်ယူပို့ဆောင်ရေး၊
သတ္တုလုပ်ငန်းနှင့်စွမ်းအင်ကဏ္ဍအထိတူရကီနိုင်ငံ၌ရင်းနှီးမြှုပ်နှံထားပါသည်။ မကြာသေးမီနှစ်များအတွင်းတရုတ်နိုင်ငံသည်အဆိုပါဒေသတွင်း၌၎င်း၏စစ်အင်အားတည်ရှိမှုကိုတိုးချဲ့ရန်ကြိုးပမ်းခဲ့ပါသည်။
၂ ဝ ၁၅ ခုနှစ်၊ မေလတွင်တရုတ်နိုင်ငံသည်ရုရှားနိုင်ငံနှင့်အတူမြေထဲပင်လယ်အတွင်းပထမဆုံးအကြိမ်စစ်ရေးလေ့ကျင့်ခန်းပြုလုပ်ခဲ့ပါသည်။
၂ နှစ်ကြာပြီးနောက်တရုတ်နိုင်ငံသည်ကျည်စစ်ကျည်မှန်အသုံးပြုသည့်စစ်ရေးလေ့ကျင့်ခန်းတစ်ရပ်ပြုလုပ်ခဲ့ပါသည်။
မြေထဲပင်လယ်အရှေ့ပိုင်း၌တူရကီနိုင်ငံ၏
Middle Corridor အစီအစဉ်နှင့်ခိုင်မာသောမှုဝါဒများ
တူရကီနိုင်ငံအနေဖြင့်လည်းအထူးသဖြင့်
Middle Cor ridor Initiative အစီအစဉ်အတွက်စီးပွားရေးနှင့်မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးတို့ပြုလုပ်နိုင်ရန်၎င်း၏ဒေသတွင်းဖြတ်ကျော်မဟာဗျူဟာကိုတည်ဆောက်လျက်ရှိပါသည်။
တူရကီနှင့်တရုတ်နိုင်ငံတို့သည်ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင်တူရကီနိုင်ငံ၏
Middle Corridor အစီအစဉ်ကိုပူးပေါင်းမည့်နားလည်မှုစာချွန်လွှာတစ်ရပ်ကို ၂၀၁၅ ခုနှစ်၊
နိုဝင်ဘာလတွင်လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ Middle Corridor ကတစ်ဆင့်တူရကီနိုင်ငံသည်အာရှနှင့်ဥရောပဒေသအကြားတံခါးပေါက်တစ်ခုအဖြစ်၎င်း၏ပထဝီဝင်အနေအထားအရတစ်ပန်းသာမှုကိုအသုံးချရန်နှင့်အရှေ့အနောက်ကုန်သွယ်ရေးအတွက်အဓိကအချက်အချာတစ်ခုဖြစ်လာရန်ရည်ရွယ်ထားပါသည်။
ထို့နောက်တူရကီနိုင်ငံသည်အဆိုပါ Middle Corridor အစီအစဉ်ကတစ်ဆင့်ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးအခြေစိုက်စခန်းတစ်ခုဖြစ်လာလိမ့်မည်ဟုလည်းတူရကီသယ်ယူပို့ဆောင်ရေးနှင့်အခြေခံအအောက်အအုံဝန်ကြီး
Adil Karaismail oglu က ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင်ကြေညာချက်တစ်စောင်ထုတ်ပြန်ပြောကြားခဲ့ပါသည်။
၂ဝ၁၅ ခုနှစ်တွင်တူရကီနိုင်ငံ၏အဓိကအတိုက်အခံပါတီဖြစ်သောရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ
(Republican People's Party-CHP) သည်တူရကီနိုင်ငံကိုဥရောပ၊ အာရှနှင့်အာဖရိကဒေသတို့ကိုဆက်သွယ်ပေးမည့်ထောက်ပံ့ပို့ဆောင်ရေးနှင့်ကုန်ထုတ်လုပ်မှုအချက်အချာတစ်ခုအဖြစ်ထားရှိရန်ရည်ရွယ်သော
Centre Turkey စီမံကိန်းနှင့် ပတ်သက်၍ အဆိုတင်သွင်းခဲ့ပါသည်။ တူရကီနိုင်ငံသည်ဥရောပ၊
အာရှနှင့်အာဖရိကဒေသတို့အကြားစီးပွားရေးဇုန်တစ်ခုအဖြစ်ရပ်တည်နိုင်လျှင် Middle
Corridor အစီအစဉ်သည်တရုတ်နှင့်အခြားသောဒေသတွင်မိတ်ဖက်နိုင်ငံများကိုပိုမိုဆွဲဆောင်လာနိုင်မည်ဖြစ်သောကြောင့်တူရကီနိုင်ငံ၏စီးပွားရေးနှင့်နိုင်ငံရေးဆိုင်ရာအကျိုးအမြတ်များကိုပိုမိုများပြားစေမည်ဖြစ်ပါသည်။
အာရှဖွံ့ဖြိုးရေးဘဏ်က ၂ ဝ ၂၁ ခုနှစ်၊ မေလတွင်ထုတ်ဝေသော Working Paper တစ်ခုတွင်
Middle Corridor အစီအစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ်ဖွံ့ဖြိုးပြီးဒေသတွင်းကုန်သွယ်ရေးဇုန်နှင့်ဒေသဖြတ်ကျော်စီးပွားရေးပေါင်းစည်းရေးမူဝါဒသည်ဥရောပသမဂ္ဂနှင့်တရုတ်အကြားထိတွေ့ဆက်ဆံမှုကိုပိုမိုလွယ်ကူစေနိုင်ကြောင်းပြောကြားထားပါသည်။
ထို့ကြောင့်ဒေသတွင်းနိုင်ငံများ၊ ဥရောပသမဂ္ဂနှင့်တရုတ်နိုင်ငံတို့အကြားတွင်တူရကီနိုင်ငံ၏အခန်းကဏ္ဍကိုမြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။
သို့သော်လည်းတရုတ်နိုင်ငံ၏
BRI စီမံကိန်းနှင့်မတူဘဲတူရကီနိုင်ငံ၏ဒေသတွင်းပေါင်းစည်းရေးပုံစံတွင်ပင်လယ်ရေကြောင်းစင်္ကြံတစ်ခုမပါဝင်ခဲ့ပါ။
၂၀၁၅ ခုနှစ် ကစ၍ တူရကီနိုင်ငံသည်ဂရိ၊ ဆိုက်ပရပ်နှင့်အီဂျစ်နိုင်ငံတို့ကဲ့သို့ဒေသတွင်းနိုင်ငံများနှင့်နှိုင်းစာလျှင်၎င်း၏ပင်လယ်ရေကြောင်းဆိုင်ရာတရားစီရင်ပိုင်ခွင့်ကိုခိုင်မာအားကောင်းစေရန်သံတမန်ရေးဆိုင်ရာဆွေးနွေးမှုများထက်စစ်ရေးစွမ်းရည်အပေါ်မှီခိုအား၊
ခိုင်မာသောမြေထဲပင်လယ်အရှေ့ပိုင်းမူဝါဒ တစ်ရပ်ကိုအကောင်အထည်ဖော်ခဲ့ပါသည်။ ထို့ပြင်တူရကီနိုင်ငံ၏မြေထဲပင်လယ်မူဝါဒများကိုလည်းအကာအကွယ်ပေးနိုင်မည်ဟုယူဆထားပါသည်။
၂၀၁၉-ခုနှစ်၊ ဇန်နဝါရီလတွင်ဆိုက်ပရက်၊ ဂရိ၊ အစ္စရေး၊ အီတလီ၊ ဂျော်ဒန်နှင့်ပါလက်စတိုင်းတို့သည်ဒေသတွင်းစွမ်းအင်ဗဟိုချက်ကိုဖန်တီးရန်
East Med Gas Forum ကိုထူထောင်ခဲ့ပါသည်။ အဆိုပါအဖွဲ့၌တူရကီနိုင်ငံကိုဖယ်ကြဉ်ထားခြင်းသည်တူရကီအစိုးရနှင့်တင်းမာမှုကိုဖြစ်စေခဲ့ပါသည်။
၎င်းသည်တူရကီအစိုးရအားတစ်ဖက်သတ်ဓာတ်ငွေ့ရှာဖွေတူးဖော်မှုနှင့်စစ်သင်္ဘောများဖြင့်စစ်ရေးလေ့ကျင့်မှုတို့ကိုဖြစ်စေခဲ့ပါသည်။
တူရကီနိုင်ငံ၏ထိုးစစ်ဆန်သောမူဝါဒများသည်အခြားသောဒေသတွင်းအင်အားကြီးနိုင်ငံများကပြင်းထန်သောတုံ့ပြန်မှုများကိုအစပျိုးဖြစ်ပေါ်စေခဲ့ပြီးအချို့ကိစ္စရပ်များတွင်တင်းမာမှုများကိုပိုမိုဆိုးရွားစေခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ မေလတွင်ဆိုက်ပရပ်၊ အီဂျစ်၊ ပြင်သစ်၊ ဂရိနှင့်ယူအေအီးနိုင်ငံတို့ကနိုင်ငံခြားရေးဝန်ကြီးများသည်ဆိုက်ပရပ်အထူးသီးသန့်စီးပွားရေးဇုန်၌တူရကီနိုင်ငံ၏လုပ်ဆောင်မှုများကိုပြစ်တင်ရှုတ်ချခဲ့ကြပါသည်။
ထို့နောက်လပေါင်းများစွာကြာပြီးနောက်ဥရောပကောင်စီသည်တူရကီနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ပါသည်။
တစ်ဖက်တွင်လည်းတရုတ်နိုင်ငံသည်ပုံမှန်အားဖြင့်ဒေသတွင်း၌အပြုသဘောဆောင်သောဆက်ဆံရေးများကိုထိန်းသိမ်းရန်နှင့်၎င်း၏အကျိုးကျေးဇူးများကိုမြှင့်တင်ရန်မြေထဲပင်လယ်အတွင်းတင်းမာမှုများကိုတိတ်ဆိတ်စွာနေလေ့ရှိပါသည်။
သို့သော်လည်းအနာဂတ်တိုးတက်မှုများပေါ် မူတည်၍ ပြောင်းလဲမှုရှိနိုင်ပါသည်။ မြေထဲပင်လယ်အရှေ့ပိုင်းရှိတူရကီနိုင်ငံ၏မူဝါဒများသည်ဒေသတွင်းမတည်ငြိမ်မှုကိုဖြစ်စေသည့်အတွက်ဆက်လက်လုပ်ဆောင်ပါကတရုတ်နိုင်ငံသည်ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင်တူရကီနိုင်ငံ၏အခန်းကဏ္ဍကိုပြန်လည်အကဲဖြတ်နိုင်ပါသည်။
လက်တလောတွင်တရုတ်နိုင်ငံသည်ဥရောပနှင့်ကုန်သွယ်ရေးဆိုင်ရာဆက်ဆံရေးအတွက်ဂရိနိုင်ငံကိုမျက်နှာသာပေးနေပုံရပါသည်။
Piraeus ဆိပ်ကမ်းသည်ဥရောပဈေးကွက်များနှင့်ပိုမိုနီးကပ်စွာတည်ရှိကာတူရကီနိုင်ငံရှိ
Kumport ဆိပ်ကမ်းထက်ပိုတိုပြီးကုန်ကျစရိတ်ပိုမိုသက်သာသောလမ်းကြောင်းဖြစ်ပါသည်။ သို့သော်လည်း
၂၀၂၁ ခုနှစ်၊ မတ်လတွင်စူးအက်တူးမြောင်းအတွင်း ၆ ရက်ကြာပိတ်ဆို့မှုကအခြားကုန်သွယ်ရေးလမ်းကြောင်းများလည်းမရှိမဖြစ်လိုအပ်သည်ကိုပြသနေပါသည်။
Middle Corridor သည်အရှေ့အနောက်ကုန်သွယ်ရေးလမ်းကြောင်းအတွက်အသင့်လျော်ဆုံးလမ်းကြောင်းဖြစ်သည်ကိုလည်းတွေ့ရှိရပါသည်။
ထို့ကြောင့်တရုတ်နှင့်တူရကီနိုင်ငံတို့အနေဖြင့်မြေထဲပင်လယ်အရှေ့ပိုင်းဒေသ၌သြဇာလွှမ်းမိုးရန်အတွက်၎င်းတို့အကြားမတူညီမှုများကိုညှိနှိုင်း၍
ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ပြုလုပ်လာနိုင်ကြောင်းသုံးသပ်ရပါသည်။ ။
ခင်သီရိမွန် (ဆားမှော်)
Ref; Turkey and China in the eastern Mediterranean: Patners or competitor? By
Global Voices
No comments:
Post a Comment