Sunday, October 31, 2021

တူရကီသမ္မတသည် အီတလီသို့ ချစ်ကြည်ရေးခရီး ရောက်ရှိလျက်ရှိခြင်း

 

Yenisafak, Oct-30(Sat)

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် (၁၆) ကြိမ်မြောက် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် အီတလီနိုင်ငံ၊ ရောမမြို့သို့ အောက်တိုဘာလ ၃၀ ရက်အစောပိုင်းတွင်ရောက်ရှိခဲ့ပါသည်။ သမ္မတ အာဒိုဂန်အား Fiumicino-Leonardo da Vinci အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အီတလီ နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး အိုမန်ဂူချလူ (Omer Gucuk) နှင့် ဗာတီကန် သံအမတ်ကြီး လူဖူလာဂိုးတက်စ် (Lutfullah Goktaş) တို့အပြင် အီတလီနှင့် ဗာတီကန် သံရုံးတို့မှဝန်ထမ်းများက ကြိုဆိုခဲ့ကြပါသည်။ နိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူ ဆိုဂလူ (Mevlut Cavusoglu)၊ ဘဏ္ဍာရေးဝန်ကြီး လူဖီအေးလ်ဗန်း (Lutfi Elvan)၊ ဆက်သွယ်ရေးဒါရိုက်တာ ဖော်ဟေးတင်အော်တွန် (Fahrettin Altun) နှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကာလင် (Ibrahim Kalin) တို့သည် တူရကီသမ္မတ အာဒိုဂန်နှင့်အတူလိုက်ပါခဲ့ပါသည်။ အင်အားအကြီးဆုံးနှင့် စီးပွားရေးအတိုးတက်ဆုံးသော ဂျီ-၂၀ အဖွဲ့၏ ထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။

              ၎င်းအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများသည် ကိုဗစ်-၁၉ ပျံ့နှံ့နေမှုကို ကိုင်တွယ် ဖြေရှင်းရေး၊ စီးပွားရေးပြန်လည်ကောင်းမွန်လာစေရေးနှင့် ရာသီဥတုနှင့်ပတ်သက်သည့် လုပ်ဆောင်မှုများကို ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းမြှင့်တင်နိုင်ရေးစသည့်ကိစ္စရပ်များအား အဓိကထားဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာ အကျပ်အတည်းများနှင့် အခြားပထဝီဝင်နိုင်ငံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးရန် မျှော်မှန်းထားပါသည်။ ဂျီ-၂၀ အဖွဲ့၏အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အီတလီနိုင်ငံသည်  ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများဖြစ်သော တူရကီ၊ အမေရိကန်၊ ဂျပန်၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ကနေဒါ၊ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီးလ်၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ရုရှား၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ တောင်အာဖရိက၊ ဆော်ဒီအာရေဗျနှင့် ဥရောပသမဂ္ဂအဖွဲ့တို့အပြင် အဇာဘိုင်ဂျန်၊ ကွန်ဂို၊ ရဝမ်ဒါ၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ နယ်သာလန်နှင့် စင်ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်များကိုလည်း အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment