Sunday, October 31, 2021

တူရကီသမ္မတသည် ဥရောပခေါင်းဆောင်များနှင့် ဂျီ-၂၀ ထိပ်သီးညီလာခံ၏ ဆက်စပ်အစည်းအဝေးတွင် တွေ့ဆုံခဲ့ခြင်း

 Anadolu Agency; Oct-31 (Sun)

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ပြင်သစ်၊ ဂျာမနီနှင့် ဥရောပကောင်စီခေါင်းဆောင်တို့နှင့် အောက်တိုဘာလ ၃၁ ရက်တွင် တွေ့ဆုံခဲ့ပါသည်။ သမ္မတ အာဒိုဂန်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) တို့သည် အီတလီနိုင်ငံ၊ ရောမမြို့တွင် ကျင်းပပြုလုပ်သည့်  ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတစ်ခု၌ တွေ့ဆုံ၍ မိနစ် ၅၀ ခန့်ကြာ တံခါးပိတ်အစည်းအဝေးတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသည် ခေါင်းဆောင်နှစ်ဦးအကြား ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့မှုဖြစ်ပွားသည့် အချိန်မှစ၍ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါသည်။ ထို့ပြင် သမ္မတ အာဒိုဂန်သည် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel) နှင့်လည်း မိနစ် ၃၀ ခန့်ကြာ တံခါးပိတ်အစည်းအဝေးတစ်ခု ကျင်းပပြုလုပ်ခဲ့ပါသည်။

          တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu)၊ ဘဏ္ဍာရေးဝန်ကြီး လူဖီအီဗန် (Lutfi Elvan)၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဖာရက် တင်အော်တွန် (Fahrettin Altun)၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကာလင် (Ibrahim Kalin)၊ တရားမျှတမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Justice and Development-AK) ပြောရေးဆိုခွင့်ရှိသူ အိုမာစီလစ်ခ် (Omer Celik) နှင့် ဂျာမနီ ဒုတိယဝန်ကြီးချုပ် အိုလက်ဖ်စခူးလ် (Olaf Scholz) တို့လည်း အဆိုပါအစည်း အဝေးသို့ တက်ရောက်ခဲ့ပါသည်။ အလားတူ သမ္မတ အာဒိုဂန်သည် ဥရောပကောင်စီ၏ အကြီးအကဲ ချားလ်မီရှယ်လ် (Charles Michel) နှင့်လည်း မိနစ် ၄၀ ခန့်ကြာသည့် တံခါးပိတ်အစည်းအဝေးတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး ဥရောပကောင်စီ၏ နိုင်ငံခြား ဆက်ဆံရေးဝန်ကြီး အီဘရာဟင်ကာလင် (Ibrahim Kalin) လည်း တက်ရောက် ခဲ့ပါသည်။ နှစ်ဖက်ခေါင်းဆောင်တို့သည် အစည်းအဝေးအတွင်း ဥရောပသမဂ္ဂ-တူရကီ ဆက်ဆံရေးများ၊ အာဖဂန်နစ္စတန်၊ လစ်ဗျားနှင့် ဥရောပဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးသည် အစည်းအဝေး၏ အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း ချားလ်မီရှယ်လ်က ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              တူရကီနိုင်ငံသည် နိုင်ငံ၏စစ်ရေးအင်အားကိုအဆင့်မြှင့်တင်ရာတွင် ထိရောက်မှု ရှိစေရန်အတွက် နေတိုးတပ်ဖွဲ့၏ရန်ဘက်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံထံမှ စစ်လက်နက်ပစ္စည်း များဝယ်ယူခြင်းနှင့် စမ်းသပ်ခြင်းများပြုလုပ်ခဲ့ခြင်းကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ် ကြသည့် တူရကီနှင့် အမေရိကန်နိုင်ငံတို့အကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ ဆိုးရွားသည့်အခြေအနေတစ်ရပ်သို့ ရောက်ရှိခဲ့ရပါသည်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) လက်ထက်တွင် တူရကီနှင့်ဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှုများအား သံတမန်ဆက်ဆံရေးနည်းလမ်းများဖြင့် ဖြေရှင်းကိုင်တွယ်သွားရန် ဆွေးနွေးမှုများ မကြာခဏပြုလုပ်လာခဲ့ပါသည်။ တစ်ဖက်တွင်လည်း တူရကီနိုင်ငံသည် နိုင်ငံ၏ပုံရိပ်အား ပိုမိုကောင်းမွန်လာစေရေးနှင့် နိုင်ငံတကာအကြား ပိုမိုဝင်ဆံ့လာစေရေး အတွက် နိုင်ငံရေး၊ စစ်ရေးဦးတည်ချက်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် အလေးထားလုပ်ဆောင်လျက်ရှိပါသည်။ ယခုကျင်းပခဲ့သည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတွင် နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် သီးခြားတွေ့ဆုံ၍ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်သွားရေးအပါအဝင် အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ လစ်ဗျား၊ အရှေ့မြေထဲပင်လယ်နှင့် တောင်ကော့ကေးဆပ် ဒေသတို့၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြောင်းအရာအပြည့်အစုံနှင့် ရာသီဥတုဆိုင်ရာ ကိစ္စရပ်များကိုလည်း အလေးအနက်ထားဆွေးနွေးခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား ဆွေးနွေးမှု အတွင်း ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေရေးအတွက် ကတိပြုခဲ့ခြင်းနှင့်အတူ အပြုသဘောဆောင်သည့်ရလဒ်များကြောင့် အနာဂတ်ကာလတွင် တိုးတက်ကောင်းမွန် သည့် သံတမန်ဆက်ဆံရေးခေတ်သစ်တစ်ခုကို ဖွင့်လှစ်လာနိုင်မည်ဖြစ်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။


No comments:

Post a Comment