Wednesday, October 27, 2021

မြေထဲပင်လယ်အတွင်း တူရကီ၏ ရန်လိုမှုများကိုရပ်တန့်သွားရန် ဂရိဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း

 

Timesofisrael; Oct-27 (Wed)

              ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos Mitsotakis) သည် ပင်လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာအားကောင်းစေရန်အတွက် ဆော်ဒီအာရေဗျ နိုင်ငံသို့သွားရောက်သည့် ခရီးစဉ်အတွင်း တူရကီနိုင်ငံ၏ ရန်လိုသည့်အပြုအမူများကို ရပ်တန့်သွားရန်နှင့် ရေကြောင်းနယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများတွင်ပါဝင်သွားရန် အောက်တိုဘာလ ၂၆ ရက်တွင် တူရကီနိုင်ငံအား တောင်းဆိုမှုများပြုလုပ်ခဲ့ပါသည်။ ဂရိနိုင်ငံသည် အောက်တိုဘာလအစောပိုင်းတွင် အမေရိကန် အပါအဝင် ပြင်သစ်နိုင်ငံတို့နှင့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ် ရေးထိုးပြီးနောက် ဂရိနိုင်ငံ၏ ကာကွယ်ရေးစည်းမျဉ်းများအား  အလွန်ရှင်းလင်းပြတ်သားစွာ ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ဂရိဝန်ကြီးချုပ်အနေဖြင့် မြို့တော် ရီရာဒက် (Riyadh) အနာဂတ်ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (Future Investment Initiatice) မိန့်ခွန်းပြောကြားခြင်းမတိုင်မီ ဆော်ဒီအာရေဗျ၏ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆယ်လ်မန် (Mohammed bin Salman) နှင့် ဘာရိန်းအိမ်ရှေ့စံမင်းသားတို့အား လည်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

              တူရကီနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် မြေထဲပင်လယ်အတွင်းရှိ ဂရိရေပြင်ပိုင်နက်အတွင်း ရေအောက်သယံဇာတများရှာဖွေရန် စွမ်းအင်ရှာဖွေရေး သင်္ဘောနှင့် ရေယာဉ်စုများကို စေလွှတ်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြားတင်းမာမှုများ မြင့်တက်ခဲ့ရခြင်းဖြစ်ပါသည်။ ထို့ပြင် ၁၉၇၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဂရိနိုင်ငံ၏ အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် တူရကီက ဆိုက်ပရပ်စ်အား ဝင်ရောက်ကျူးကျော် သည့်အချိန်မှစ၍ တင်းမာမှုများ စတင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ဇူလိုင်လတွင် တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဆိုက်ပရပ်စ်အား တရားဝင်ခွဲထွက်ရန် ထောက်ခံမှုပြုလုပ်ခဲ့ခြင်းကြောင့် တင်းမာမှုများပိုမိုမြင့်တက်ခဲ့ရခြင်း ဖြစ်ပါသည်။ ဂရိနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား လက်ရှိဖြစ်ပေါ်နေသည့် ရေကြောင်း ပိုင်နက်နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများအားဖြေရှင်းရန် တူရကီနိုင်ငံ၏ အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို မျှော်လင့်လျက်ရှိကြောင်းနှင့် ဂရိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုများအား ထိခိုက်လာမှုများကိုလည်း လက်ခံသွားမည် မဟုတ်ကြောင်း မစ်ဆိုတားကစ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment