Xinhua;Jan-9(Thu)
တူရကီနိုင်ငံခြားရေးဝန်ကြီး မက်လု့တ်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် အီရန်နှင့်
အမေရိကန်နိုင်ငံတို့အကြား တင်းမာမှုများမြင့်တက်နေစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာအားကောင်းစေရန်အလို့ငှာ အီရတ်ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ဇန်နဝါရီလ ၉ ရက်တွင် အီရတ်နိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ တူရကီ နိုင်ငံအနေဖြင့် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အကူအညီများပေးအပ်သွားမည်ဖြစ်ကြောင်း၊ မြင့်တက်လျက်ရှိသော တင်းမာမှုများ လျှော့ချသွားရန် လိုအပ်ကြောင်းနှင့် အထိအခိုက်မခံသောအခြေအနေများအား ကိုင်တွယ် ဖြေရှင်းရန်အတွက် အပြုသဘောဆောင်သောဆွေးနွေးမှုများပြုလုပ်သွားရန် လိုအပ် ကြောင်း ကာဗူဆိုဂလူက အီရတ်သမ္မတ ဘာဟမ်ဆာလစ် (Barham
Salih) နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။ လက်ရှိဖြစ်ပွားလျက်ရှိသော ပဋိပက္ခများအား ကိုင်တွယ် ဖြေရှင်းရန်အတွက် အဖွဲ့အစည်းအားလုံး၏ ကြိုးပမ်းအားထုတ်မှုများပြုလုပ်သွားရန် လည်း လိုအပ်ကြောင်း ဆာလစ်က ပြောကြားခဲ့ပါသည်။
အီရတ်နိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာတို့ အတွက် တူရကီအစိုးရ၏ အကူအညီပေးအပ်နိုင်မှုအခြေအနေကို ကာဗူဆိုဂလူက အီရတ် ယာယီဝန်ကြီးချုပ် အဒယ်လ်အဗ္ဗဒူလ်မက်ဒီ (Adel Abdul Mahdi) နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။ ဒေသလုံခြုံရေးနှင့် ၎င်း၏အကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းခြင်း တို့သည် ၎င်းနိုင်ငံအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်းနှင့် အီရတ်အစိုးရအဖွဲ့သည် ၎င်း၏ သဘောထားရပ်တည်ချက်နှင့် ညီညွတ်သောမူဝါဒများကို ချမှတ်ထားပြီးဖြစ်ကြောင်း မက်ဒီက ပြောကြားခဲ့ပါသည်။ ထို့ပြင် ကာဗူဆိုဂလူနှင့် မက်ဒီတို့သည် အီရန်နှင့် အမေရိကန် နိုင်ငံတို့အကြား ဖြစ်ပွားလျက်ရှိသောပဋိပက္ခ၏ နောက်ဆုံးအခြေအနေများနှင့်စပ်လျဉ်း၍ လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment