Wednesday, January 1, 2020

ထရီပိုလီမြို့တွင် LNA တပ်ဖွဲ့များဘက်က အပစ်အခတ်ရပ်စဲမည်ဆိုပါက တူရကီက ၎င်း၏တပ်ဖွဲ့များစေလွှတ်ရန်စီစဉ်မှုအား ရပ်ဆိုင်းမည်ဆိုခြင်း

 


Sputnik; Jan-1 (Wed)

              လစ်ဗျားအမျိုးသားတပ်မတော် (Libyan National Army-LNA) ၏ ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ (Khalifa Haftar) အနေဖြင့် လစ်ဗျားနိုင်ငံ၊ ထရီပိုလီ (Tripoli) မြို့တွင်ပြုလုပ်လျက်ရှိသော တိုက်ခိုက်မှုများအား ရပ်တန့်သွားမည်ဆိုပါက တူရကီနိုင်ငံသည် ၎င်း၏တပ်ဖွဲ့များကို လစ်ဗျားနိုင်ငံသို့စေလွှတ် သွားမည်မဟုတ်ကြောင်း တူရကီဒုတိယသမ္မတ ဖူးအက်အိုတေး (Fuat Oktay) က ပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာအနေဖြင့် အဆိုပါဒေသတွင် ထိုးစစ်ဆင်မှုများကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက တူရကီသည် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုအစိုးရ (Government of National Accord-GNA) အဖွဲ့၏ တောင်းဆိုမှုအတိုင်း ၎င်း၏တပ်ဖွဲ့ဝင်များကို လစ်ဗျားနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ် ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။ အဆိုပါဒေသသို့ တူရကီတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ပါက ၎င်းဒေသတွင် တူရကီနိုင်ငံ၏လုပ်ပိုင်ခွင့်အာဏာသည် တစ်နှစ်သက်တမ်း ရှိပြီး လိုအပ်ပါက တပ်ဖွဲ့ဝင်များကို ချက်ချင်းစေလွှတ်သွားမည်ဖြစ်ကြောင်း ဖူးအက် အိုတေးက ပြောကြားခဲ့ပါသည်။

              လစ်ဗျားနိုင်ငံသို့ တူရကီတပ်ဖွဲ့ဝင်များစေလွှတ်ရေးကိစ္စနှင့်ပတ်သက်သော ဆုံးဖြတ်ချက်တစ်ခုကို တူရကီလွှတ်တော်က ဇန်နဝါရီလ ၂ ရက်တွင် ချမှတ်သွားမည် ဖြစ်ပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများကို စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအက်ကာ (Hulusi Akar) က ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနှင့် GNA အဖွဲ့တို့သည် စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုနှင့် ရေကြောင်းနယ်နိမိတ်သစ်ဆိုင်ရာသဘောတူညီချက် အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ တူရကီနိုင်ငံသည် LNA အဖွဲ့ကို တိုက်ခိုက်ရာတွင် စစ်ရေးဆိုင်ရာအကူအညီများပေးအပ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဒီဇင်ဘာလ ၂၆ ရက်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment