Saturday, January 18, 2020

ဥရောပအနေဖြင့် လစ်ဗျားတွင် ပြုလုပ်လျက်ရှိသော တူရကီ၏ လုပ်ဆောင်ချက်များအား ထောက်ခံသွားရန် တူရကီသမ္မတက တောင်းဆိုခဲ့ခြင်း

 


Trend; Jan-18(Sat)

              ဥရောပနိုင်ငံများအနေဖြင့်  လစ်ဗျားနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသောပဋိပက္ခအား အဆုံးသတ်ရန်လိုလားပါက နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျားအစိုးရအဖွဲ့အပေါ် စစ်ဘက်ဆိုင်ရာအကူအညီများပေးအပ်လျက်ရှိသော တူရကီနိုင်ငံ၏ လုပ်ဆောင်ချက် အား ထောက်ခံသွားရန် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇန်နဝါရီလ ၁၈ ရက်တွင် ပြောကြားခဲ့ပါသည်။ အာဒိုဂန်သည် ဂျာမနီ နိုင်ငံတွင် ဇန်နဝါရီလ ၁၉ ရက်၌ကျင်းပပြုလုပ်မည့် လစ်ဗျားနိုင်ငံတည်ငြိမ်ရေး ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဥရောပနိုင်ငံများသည် လစ်ဗျားနိုင်ငံအပေါ် စစ်ဘက်ဆိုင်ရာ အကူအညီများပေးအပ်ရန် စိတ်ဝင်စားမှုနည်းပါးလျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

              တူရကီနိုင်ငံအနေဖြင့် လစ်ဗျားလုံခြုံရေးတပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်ကြား သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်ဝါဒ၊ လူမှောင်ခိုကူးမှုနှင့် နိုင်ငံတကာလုံခြုံရေး အပေါ် ခြိမ်းခြောက်လျက်ရှိမှုများအား တိုက်ဖျက်ရာတွင် အကူအညီများပေးအပ် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ဂျာမနီနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲသို့ လစ်ဗျားအစိုးရအဖွဲ့ခေါင်းဆောင် ဖာရတ်ဇ်အယ်လ်ဆာရက်ဂျ် (Fayez al-Sarraj)၊ လစ်ဗျားအမျိုးသားတပ်မတော် (Libyan National Army-LNA) ခေါင်းဆောင် ခါလီဖာဟက်ဖ်တာ (Khalifa Haftar) နှင့် တူရကီသမ္မတ အာဒိုဂန်တို့ အပါအဝင် ရုရှား၊ အီဂျစ်နိုင်ငံတို့မှခေါင်းဆောင်များ၊ ဥရောပနှင့် အာရပ်အင်အားကြီး နိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment