Thursday, January 9, 2020

ရုရှားနှင့် တူရကီနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာလျက်ရှိခြင်း

 


Xinhua; Jan-8 (Wed)

              ရုရှားနှင့် တူရကီနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုတိုးတက် လာလျက်ရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က ဇန်နဝါရီလ ၈ ရက်တွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့၌ ပြုလုပ်သည့် TurkStream သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖွင့်ပွွဲအခမ်းအနားတွင် ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ ပင်လယ်နက်အား ဖြတ်သန်းတည်ဆောက်ထားသည့် အဆိုပါဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအား အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းကြောင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် သိသာထင်ရှားသည့် ရလဒ်ကောင်းများရရှိလာခဲ့ကြောင်း ပူတင်က ပြောကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းသည် ရုရှားနှင့် တူရကီနိုင်ငံသာမက ဥရောပတောင်ပိုင်းနိုင်ငံအားလုံးအတွက် အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

              ထို့ပြင်  TurkStream သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ကီလိုမီတာ ၁၈၀၀ ကျော်ရှည်လျားပြီး အချို့ပိုက်လိုင်းများအား ရေအောက်အနက် ၂ ကီလိုမီတာအထိ သွယ်တန်းထားရှိကြောင်း ပူတင်က ပြောကြားခဲ့ပါသည်။ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း အား အဆင့်မြင့်နည်းပညာများ အသုံးပြုထားပြီး အပြင်းအထန်ဆန့်ကျင်သည့် ဝန်းကျင် ဒေသများအား ဖြတ်သန်းတည်ဆောက်ရခြင်းဖြစ်သောကြောင့် ခက်ခဲသည့်စီမံကိန်း တစ်ခုဖြစ်ကြောင်း သမ္မတပူတင်က ပြောကြားခဲ့ပါသည်။ TurkStream သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၃၁.၅ ဘီလီယံ တင်ပို့ နိုင်သည့်  ပိုက်လိုင်းနှစ်ခုပါဝင်ကြောင်း၊ ပထမပိုက်လိုင်းအား တူရကီနိုင်ငံသို့ ဓာတ်ငွေ့ တင်ပို့ရန် သွယ်တန်းထားပြီး ဒုတိယပိုက်လိုင်းကိုမူ တူရကီမှတစ်ဆင့် ဥရောပ တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းသို့ ဓာတ်ငွေ့တင်ပို့သွားရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment