MiddleeastMonitor; Jun 8 (Tue)
အမေရိကန်နိုင်ငံအနေဖြင့် ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (Kurdish People’s Protection Units -YPG) အပေါ် ထောက်ပံ့မှုများပြုလုပ်နေခြင်းသည် တူရကီ နိုင်ငံအတွက် အကြီးမားဆုံးသောပြဿနာတစ်ရပ်ဖြစ်ပေါ်စေကြောင်း တူရကီကာကွယ်ရေး ဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ဇွန်လ ၇ ရက်တွင် ပြောကြားခဲ့ပါသည်။ အမေရိကန်၏ YPG တပ်ဖွဲ့များအပေါ်ထောက်ပံ့နေခြင်းသည် တူရကီနိုင်ငံက ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များဝယ်ယူစဉ်ကထက် အမေရိကန်နှင့်ဆက်ဆံရေး ပိုမိုဆိုးရွားလာစေနိုင်ကြောင်းလည်း အကာက ပြောကြားခဲ့ပါသည်။ ကာဒ့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(YPG)သည် တူရကီ၊ အမေရိကန်နှင့်ဥရောပသမဂ္ဂတို့မှ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားသည့် ကာ့ဒ်အလုပ်သမားပါတီ(Kurdistan Worker’s Party-PKK)နှင့်ဆက်နွှယ်မှုရှိသည့် ဆီးရီးယားနိုင်ငံအခြေစိုက် လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် YPG တပ်ဖွဲ့များအပေါ် လက်နက်တပ်ဆင်ထားသည့် သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် လေယာဉ်များထောက်ပံ့၍ ၎င်းတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်းလည်း အကာက ပြောကြားခဲ့ပါသည်။ ထို့ပြင် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် အသုံးပြုခြင်းအတွက် ရုရှားအမှုထမ်းများဖြင့် လေ့ကျင့်မှုများပြုလုပ်နေခြင်းအား အဆုံးသတ်သွားရန် အမေရိကန်နိုင်ငံက တောင်းဆိုမှု များပြုလုပ်လျက်ရှိသော်လည်း တူရကီနိုင်ငံက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ ပြီခဲ့သည့် မေလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Bliken) နှင့်ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုအတွင်း တူရကီနိုင်ငံ အနေဖြင့် ရုရှားနိုင်ငံထံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူခဲ့ခြင်းကိစ္စရပ် သည် ပြီးဆုံးခဲ့ပြီဖြစ်သော သဘောတူညီချက်တစ်ခုဖြစ်သည်ဟု တူရကီနိုင်ငံခြားရေး ဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ(Melvet Cavusoglu)က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment