Ahram; Jun-6(Sun)
အီဂျစ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး မိုဟာမက်ဇာကီ (Mohamed Zaki) နှင့် စစ်ဦးစီးချုပ် မိုဟာမက်ဖာရစ်ဒ် (Mohamed Farid)တို့သည် အီဂျစ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်ခဲ့သော ဆိုက်ပရပ်စ်အမျိုးသားလုံခြုံရေး အစောင့်တပ်ဖွဲ့အကြီးအကဲ ဒီမိုကရီတိုစ်ဇာဗာကစ်စ် (Demokritos Zervakis)နှင့် ဇွန်လ ၆ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း အီဂျစ်စစ်ဘက်၏ ပြောရေးဆိုခွင့်ရှိသူ တာမာအယ်လ်ရာဖီး (Tamer El-Refae) က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့် အီဂျစ်တပ်ဖွဲ့ဝင် များနှင့်ဆိုက်ပရပ်စ်တပ်ဖွဲ့ဝင်များအကြား စစ်ဘက်ဆိုင်ရာပူးတွဲဆောင်ရွက်မှုများအား တိုးမြှင့်လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြကြောင်း ရာဖီးက ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့သည် ဒေသတွင်းနှင့်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုများအပါအဝင် အရှေ့အလယ်ပိုင်း ဒေသအတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေးတို့အပေါ်၌လည်း အလေးထား ဆွေးနွေးခဲ့ကြကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့ပါသည်။
အီဂျစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအကြား ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာကိစ္စရပ်များအပြင် မဟာဗျူဟာမြောက် ကဏ္ဍစုံမဟာမိတ်ပြုမှုအား အသိအမှတ် ပြုကြောင်း ကာကွယ်ရေးဝန်ကြီး ဇာကီက ပြောကြားခဲ့ပါသည်။ ထို့ပြင် ဇာကီသည် နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအကြား ညှိနှိုင်းဆောင်ရွက်မှုနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ခြင်း၏ အရေးပါမှုကိုလည်း အလေးထားပြောကြားခဲ့ပါသည်။ အီဂျစ်နှင့်ဆိုက်ပရပ်စ်တို့သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းကပင် Medusa-10 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းတစ်ရပ်အားပြုလုပ်ခဲ့ပြီး အခြားသောပူးတွဲစစ်ရေး လေ့ကျင့်မှုများကိုလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပါသည်။ ဇာကီသည် ပြီးခဲ့သည့် မေလအတွင်းကလည်း ဆိုက်ပရပ်စ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ဆိုက်ပရပ်စ်နှင့်ဂရိနိုင်ငံတို့၏ ကာကွယ်ရေးဝန်ကြီးများနှင့် သုံးပွင့်ဆိုင်အစည်းအဝေး ကျင်းပခဲ့ကာ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်လုပ်ဆောင် သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment