Thursday, June 3, 2021

တူရကီနိုင်ငံထုတ် TRG-300 ဘက်စုံသုံးဒုံးကျည်စနစ်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့လျက်ရှိခြင်း

Armyrecognition;Jun-3(Thu)

    ဘင်္ဂလားဒေ့ရှ်စစ်ဘက်သည် တူရကီနိုင်ငံရှိ Roketsan ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုကုမ္ပဏီမှ ထုတ်လုပ်သည့် TRG-300 Tiger အမျိုးအစား ဘက်စုံသုံးဒုံးကျည် စနစ် (Multiple Launch Rocket Systems- MLRS) များအား လက်ခံရရှိမည်ဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်ရေးဝဘ်ဆိုက်က ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ Roketsan ကုမ္ပဏီအနေဖြင့် အဆိုပါဒုံးကျည်စနစ်များ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇွန်လအတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဇစ်အာမတ် (Aziz Ahmed) က ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပြောကြားခဲ့ပါသည်။ TRG-300 ဒုံးကျည်စနစ်သည် ရွေ့လျားနိုင်သည့် ဘက်စုံသုံးဒုံးကျည် စနစ်တစ်ခုဖြစ်ကာ ၆ ဘီးပါယာဉ်ပေါ်တွင် တင်ဆောင်ပစ်ခတ်ရခြင်းဖြစ်ပြီး ဒုံးပစ်စနစ် ၄ ခုပါဝင်ပါသည်။

    TRG-300 ဒုံးကျည်စနစ်အား ပုံစံ ၂ မျိုးဖြင့် အသုံးပြုနိုင်ပြီး ပထမအမျိုးအစား၏ အလေးချိန်သည် ၅၈၅ ကီလိုဂရမ်ရှိပါသည်။ ဒုံကျည်ထိပ်ဖူးအလေးချိန်မှာ ၁၀၅ ကီလိုဂရမ် ရှိပြီး အကွာအဝေး ၃၀ ကီလိုမီတာမှ ၁၂၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်စွမ်းရှိပါသည်။ အလားတူ ဒုတိယအမျိုးအစားသည် ဒုံးကျည်ထိပ်ဖူးအား အဆင့်မြှင့်တင်ထားခြင်း ဖြစ်ပြီး ၎င်းထိပ်ဖူး၏ အလေးချိန်မှာ ၁၉၀ ကီလိုဂရမ်ရှိ၍ အကွာအဝေး ၂၀ ကီလိုမီတာမှ ၉၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်စွမ်းရှိပါသည်။ အဆိုပါ ဒုံးကျည် ၂ မျိုးလုံးသည် အကွာအဝေး ၁၀ မီတာ ပတ်လည်အတွင်းရှိသော ပစ်မှတ်များအား တိကျစွာပစ်ခတ် နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုလမ်းညွှန်စနစ်များဖြစ်သည့် Global Positioning System(GPS) နှင့် Global Navigation Satellite System ၂ မျိုးအား တပ်ဆင် ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment