Saturday, June 19, 2021

အဇာဘိုင်ဂျန်တွင် တူရကီစစ်အခြေစိုက်စခန်းများ တည်ဆောက်လာမည်ဆိုပါက ရုရှားသည် ၎င်း၏လုံခြုံရေးအား တိုးမြှင့်ဆောင်ရွက်သွားမည်ဆိုခြင်း

 

Anadolu Agency; Jun-19 (Sat)

              တူရကီနိုင်ငံအနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံတွင် စစ်အခြေစိုက်စခန်းများတည်ဆောက် လာနိုင်ကြောင်း ရုရှားစစ်ဘက်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကို့ဗ် (Dmitry Peskov) က ဇွန်လ ၁၈ ရက်တွင် မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် နေတိုးတပ်ဖွဲ့၏ စစ်ရေးဆိုင်ရာအဆောက်အအုံများကို ရုရှားနယ်စပ်အနီး၌ တပ်ဖြန့် ချထားခွင့်ပြုခဲ့ခြင်းသည် ရုရှားနိုင်ငံအား တပ်လှန့်ခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံ၏လုံခြုံရေးအား တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ရုရှားအစိုးရက သတိပေးပြောကြား ခဲ့ပါသည်။ အဆိုပါစစ်အခြေစိုက်စခန်းများ ဆောက်လုပ်မည့်အစီအစဉ်နှင့်ပတ်သက်၍ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဇွန်လ       ၁၅ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်၍ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုရလဒ်အရ တူရကီနှင့်အဇာဘိုင်ဂျန်နိုင်ငံတို့သည် စစ်အခြေစိုက်စခန်းဆောက်လုပ်မည့်အစီအစဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြပါသည်။ 

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက် (Ilham Aliyev) တို့သည် နှစ်နိုင်ငံစစ်ရေး ထောက်ပံ့မှုများ အပြန်အလှန်ပေးအပ်သွားမည်ဖြစ်ပြီး ဆက်ဆံရေးနှင့် စစ်ရေးကဏ္ဍ တို့တွင်လည်း ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း ကတိပြုပြောကြားခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံအနေဖြင့် အခြားသောနိုင်ငံများနှင့် စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့မည်ဆိုပါက အပြန်အလှန်ကူညီမှုများ ပေးအပ်သွားရန် လိုအပ်မည်ဖြစ်ကြောင်းကိုလည်း အာဇာဘိုင်ဂျန်သမ္မတက ပြောကြားခဲ့ ပါသည်။ အဇာဘိုင်ဂျန်နိုင်ငံတွင် တူရကီ၏စစ်အခြေစိုက်စခန်းများ တည်ဆောက်မည့် အစီအစဉ်နှင့်ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ် (Sergei Lavrov) က မှတ်ချက်တစ်စုံတစ်ရာ တုံ့ပြန်ခဲ့ခြင်းမရှိသော်လည်း အဆိုပါတည်ဆောက်မှုအတွက် ရုရှားနိုင်ငံ၏ တုံ့ပြန်မှုက လွန်စွာပြင်းထန်လာနိုင်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ရုရှားနိုင်ငံသည် တူရကီ၊ အဇာဘိုင်ဂျန်၊ အာမေးနီးယားနိုင်ငံများနှင့် နီးကပ်သောဆက်ဆံရေးများရှိပြီး ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းဖြစ်ပွားခဲ့သည့် အာမေးနီးယား-အဇာဘိုင်ဂျန်စစ်ပွဲတွင်လည်း ရုရှားနိုင်ငံ၏ဆောင်ရွက်ချက်ဖြင့် နှစ်နိုင်ငံ အကြား စစ်ပြေငြိမ်းရေးသဘောတူညီချက်တစ်ခုကိုရရှိခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment