Sunday, June 6, 2021

တူရကီနှင့် ပြင်သစ်တို့သည် ခိုင်မာအားကောင်းသော နှစ်နိုင်ငံမိတ်ဖက် ဆက်ဆံရေးအား ဆက်လက်တည်ဆောက်သွားမည်ဆိုခြင်း

Anadolu Agency; Jun-7 (Mon)

    တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ(Mevlut Cavusoglu) သည် ပြင်သစ်နိုင်ငံသို့ ဇွန်လ ၆ ရက်မှစ၍ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်သွားရောက် လျက်ရှိပြီး အဆိုပါချစ်ကြည်ရေးခရီးစဉ်အတွင်း တူရကီနှင့်ပြင်သစ်နိုင်ငံတို့သည် ရင်းနှီး ကျွမ်းဝင်၍ ခိုင်မာအားကောင်းသော နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးအား ဆက်လက် တည်ဆောက်သွားနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံသည် ရင်းနှီးကျွမ်းဝင်သော မဟာမိတ်နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ဆူးငြောင့်ခလုတ်ဖြစ်စေမည့် သဘောထားကွဲလွဲမှုများမရှိစေရေး အတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ကာဗူဆိုဂလူက ပြင်သစ်နိုင်ငံ၏ နေ့စဉ်ထုတ်သတင်းစာ L’Opinion တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါမိတ်ဖက် ဆက်ဆံရေးပြန်လည်တည်ဆောက်ခြင်းသည် ယခင်ကနှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာခဲ့မှုများအား အဆုံးသတ်စေမည်ဖြစ်ကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ ပါသည်။

    အဆိုပါချစ်ကြည်ရေးခရီးစဉ်အတွင်း ယခင်က ၎င်းတို့နှစ်နိုင်ငံအကြား အမြင်ချင်း ကွဲပြားမှုများဖြစ်စေခဲ့သည့် ဒေသအတွင်းကိစ္စရပ်များနှင့်ပတ်သက်၍ ဘုံအကျိုးစီးပွား တစ်ခု ရရှိစေရေးနည်းလမ်းများအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆီးရီးယားနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများဆက်လက်ပေးအပ်ရေး၊ ဆီးရီးယားနိုင်ငံ၏ နယ်မြေတည်တံ့ ခိုင်မြဲရေးအား ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် နိုင်ငံရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များအား ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် လစ်ဗျားနိုင်ငံနှင့်ပတ်သက်၍လည်း နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် စည်းလုံး ညီညွတ်ရေး၊ လစ်ဗျားအမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရအား ထောက်ပံ့ပေးရေး၊ အဖွဲ့အစည်းများ ပြန်လည်ပေါင်းစည်းရေး၊ အပစ်အခတ်ရပ်စဲမှုထိန်းသိမ်းထားနိုင်ရေး၊ တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်မှုများနှှင့် အကြမ်းဖက်မှုများအား တိုက်ဖျက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment