Tuesday, June 15, 2021

ချက်သမ္မတနိုင်ငံသည် ကမ္ဘောဒီးယားနှင့် သံတမန်ဆက်ဆံရေးမြှင့်တင် သွားမည်ဆိုခြင်း

 

Phnompenhpost; Jun 14 (Mon)

     ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) သည် မကြာသေးမီက အသစ်ခန့်အပ်ခြင်းခံခဲ့ရသည့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ် မာတင် ဗာဗရာ (Martin Varava) နှင့် ဖနွမ်းပင် (Phnom Penh) မြို့ရှိ ဝန်ကြီးချုပ်ရုံး ဇွန်လ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုအတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် သွားရေးတို့အတွက် ဆွေးနွေးခဲ့ကြကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံနှင့် ချက်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာလာ စေရေးနှင့် ပိုမိုတိုးတက်လာစေရေးတို့အတွက်လည်း ၎င်းတွေ့ဆုံမှုအတွင်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဗာဗရာက ပြောကြားခဲ့ပါသည်။ ချက်သမ္မတနိုင်ငံသည် ကမ္ဘောဒီးယား နိုင်ငံ၏ မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံရေးအပါအဝင် စီးပွားရေးနှင့် အခြားသောကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ကတိပြုပြောကြားခဲ့ပါသည်။

     ချက်သမ္မတနိုင်ငံသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် ကမ္ဘောဒီးယားနိုင်ငံအပေါ် အထောက်အပံ့များပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါ ထောက်ပံ့ ပေးမှုများအတွက် ချက်ပြည်သူနှင့်အစိုးရအပေါ် ကျေးဇူးတင်ရှိကြောင်း ဟွန်ဆန်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ၏ ချက်သမ္မတနိုင်ငံအပေါ် ပေးရန် ကျန်ရှိနေသည့် ကြွေးမြီများအားလုံးကို ဖျက်သိမ်းပေးခဲ့ပြီး အဆိုပါ ချေးငွေများအား ကမ္ဘောဒီးယားနိုင်ငံတွင် စာသင်ကျောင်းများဆောက်လုပ်ခြင်းနှင့် လူမှုရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်အသုံးပြုသွားရန် ထောက်ပံ့မှုများပေးအပ်ခဲ့ကြောင်း သတင်း အရင်းအမြစ်များကဖော်ပြခဲ့ပါသည်။ ကမ္ဘောဒီးယားနှင့် ချက်သမ္မတနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် လက်ရှိတွင်နည်းပါးလျက်ရှိပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်း လာစေရန်အတွက် ကုန်သွယ်မှုကဏ္ဍအပါအဝင် အခြားသောအရေးပါသည့်ကဏ္ဍများ အားလုံးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန်လိုအပ်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

      နှစ်နိုင်ငံအကြားဆက်ဆံရေးသည် ၁၉၅၆ ခုနှစ်မှစတင်၍ သမိုင်းကြောင်းအစဉ် အလာများအရ စဉ်ဆက်မပြတ်ကောင်းမွန်လျက်ရှိပြီး ကဏ္ဍမျိုးစုံတွင်လည်း ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။ ချက်သမ္မတနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်မှစ၍ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု၏ မိတ်ဖက်နိုင်ငံများအဖြစ် ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံအားသတ်မှတ်ခဲ့ပြီး ချေးငွေများထုတ်ချေးခြင်းနှင့် ရန်ပုံငွေ များထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါသည်။ ချက်သမ္မတနိုင်ငံအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုရေးဝန်ဆောင်မှု၊ စွမ်းအင်အရင်းအမြစ်၊ ရေနှင့်မိလ္လာစနစ်များ ကဲ့သို့သော ခေတ်သစ်စီမံကိန်းများအပြင် စီမံကိန်း ၇၀ ကျော်တွင် ကမ္ဘောဒီးယား နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပါသည်။ နှစ်နိုင်ငံအကြား အပြန်အလှန် သဘောတူညီချက်များနှင့် အခြေခံသဘောတရားများအပေါ် အခြေခံ၍ ၂၀၁၇ ခုနှစ်တွင် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Bilateral Development Cooperation Program for 2018–2023) တစ်ရပ်ကိုစတင်ခဲ့ပြီး အဆိုပါအစီအစဉ် တစ်ရပ်အား ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ၅ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဆက်ဆံရေးကောင်းမွန်လျက်ရှိသည့် နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှု တစ်ရပ်အား ဇွန်လ ၁၄ ရက်တွင်ပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံဆွေးနွေးမှုအတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားရေးတို့ အတွက် ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။ ချက်သမ္မတနိုင်ငံအနေဖြင့် ၎င်းအပေါ် ပေးရန် ကျန်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ၏ ကြွေးမြီများအားလုံးကို ဖျက်သိမ်းပေးခဲ့ပြီး အဆိုပါချေးငွေများအား ကမ္ဘောဒီးယားနိုင်ငံတွင် စာသင်ကျောင်းများဆောက်လုပ်ခြင်းနှင့် လူမှုရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသုံးပြုသွားရန် ထောက်ပံ့မှုများပေးအပ်ခဲ့ ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခင်သမိုင်းကြောင်းအရ ဆက်ဆံရေးကောင်းမွန်ခဲ့သည့် ချက်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား အထက်ပါကဲ့သို့ အပြန်အလှန်တွေ့ဆုံ ဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်လာ နိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment