Wednesday, June 9, 2021

တူရကီသည် အရှေ့မြေထဲပင်လယ်နှင့် လစ်ဗျားအရေးတွင် အီဂျစ်နှင့်ပူးပေါင်း ဆောင်ရွက်သွားရန် ကြိုးပမ်းလျက်ရှိခြင်း

 

English.aawsat;Jun-9(Wed)

              တူရကီနိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေရန် အတွက် အရေးပါသည့်ကိစ္စရပ်များတွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီအာဏာရ တရားမျှတမှုနှင့်ဖွံ့ဖြိုးရေးပါတီ (Justice and Development Party) ၏ ပြောရေးဆိုခွင့်ရှိသူ အိုမာဆယ်လစ်(Omer Celik)က ဇွန်လ ၉ ရက်တွင် ပြောကြားခဲ့ပါ သည်။ ထို့ပြင် အရှေ့မြေထဲပင်လယ်နှင့် လစ်ဗျားအရေးတို့တွင်လည်း ပူးပေါင်းဆောင်ရွက် မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ တူရကီ နှင့် အီဂျစ်တို့အကြား ဆက်ဆံရေးပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသော်လည်း နှစ်နိုင်ငံ ထောက်လှမ်းရေးအရာရှိများအနေဖြင့် လုံခြုံရေးကဏ္ဍအတွက် ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိပြီး အဆိုပါဆွေးနွေးမှုမှတစ်ဆင့် ခိုင်မာအားကောင်းသည့် ဆက်ဆံရေးတစ်ရပ် ရရှိလာစေရန် အလေးအနက်ထား၍ အဆင့်ဆင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆယ်လစ်က ပြောကြားခဲ့ပါသည်။

                 တူရကီနှင့် အီဂျစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းမှုများအပေါ်အခြေခံ၍ ဆက်ဆံရေးတိုးတက်ကောင်းမွန်စေမည့် အခွင့်အလမ်း များကို အကောင်းဆုံးအသုံးချသွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားခဲ့ပါ သည်။ တူရကီနှင့် အီဂျစ်တို့သည် ယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကဏ္ဍတွင် အလွန်ခိုင်မာ ခဲ့ပြီး သမိုင်းဝင်ဆက်နွှယ်မှုများရှိကြောင်းနှင့် မြေထဲပင်လယ်အရှေ့ပိုင်းမှစ၍ လစ်ဗျား ပဋိပက္ခအပါအဝင် ကျယ်ပြန့်သည့်နယ်ပယ်အမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်လိုလားလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တူရကီ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆီဒတ်အိုနယ်လ် (Sedat Onal) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မေလ ၅ ရက်မှ ၆ ရက်ထိ အီဂျစ်နိုင်ငံသို့သွားရောက်၍ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသတွင်းပဋိပက္ခကိစ္စရပ်များကိုဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment