Monday, June 21, 2021

ဘင်္ဂလားဒေ့ရှ်နှင့် တူရကီနိုင်ငံတို့သည် ကာကွယ်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ အလေးထားလုပ်ဆောင်လျက်ရှိသည်ဆိုခြင်း

 


Anadolu Agency; Jun – 21 ( Mon)

              ဘင်္ဂလားဒေ့ရှ်နှင့် တူရကီနိုင်ငံတို့သည် ကာကွယ်ရေးကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်မှုများ အလေးထားလုပ်ဆောင်လျက်ရှိကြောင်း Anadolu Agency သတင်း ဌာနက ဇွန်လ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တူရကီနိုင်ငံမှ စတုတ္ထမြောက် လက်နက်အများဆုံးဝယ်ယူသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်  ဇွန်လအစောပိုင်းကလည်း TRG-300 Kaplan ဒုံးကျည်စနစ် ပထမအသုတ်အား  တူရကီနိုင်ငံထံမှ လက်ခံရရှိခဲ့ပါသည်။ ထို့ပြင် အဖွဲ့ဝင် ၄၁ ဦးပါဝင်သည့် ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်များသည် TRG-300 Kaplan ဒုံးကျည်စနစ်နှင့်ပတ်သက်၍ တူရကီ နိုင်ငံသို့သင်တန်းများသွားရောက်သင်ကြားခဲ့ပါသည်။ တူရကီနိုင်ငံသည်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထပ်မံရောင်းချရန် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့်လည်း ဒုံးကျည်များအပါအဝင် အခြားသောစစ်လက်နက်ပစ္စည်းများကို ဝယ်ယူရန် စဉ်းစားသုံးသပ်လျက်ရှိသည့်အပြင် တူရကီနှင့်တိုက်လေယာဉ်များ ပူးတွဲ ထုတ်လုပ်နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးနှင့်လုံခြုံရေး လေ့လာဆန်းစစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားခဲ့ပါသည်။

              တူရကီနိုင်ငံသည် ကာကွယ်ရေးကဏ္ဍ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်ရန်နှင့် စစ်လက်နက်ပစ္စည်းများပူးတွဲထုတ်လုပ်ရန် လိုလားလျက်ရှိကြောင်းကို တူရကီနိုင်ငံခြားရေးဝန်ကြီးက ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ အတွင်း ဘင်္ဂလားဒေ့ရှ်သို့သွားရောက်ခဲ့သည့် ခရီးစဉ်၌ပြောကြားခဲ့ပါသည်။  ဘင်္ဂလားဒေ့ရှ် အနေဖြင့် တူရကီနှင့်စစ်လက်နက်ပစ္စည်းပူးတွဲထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ သော်လည်း ၎င်းကိစ္စရပ်သည် ပြည်တွင်းရေးဖြစ်သည့်အတွက် သဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးမှသာ တရားဝင်ထုတ်ဖော်ပြောကြားသွားမည်ဟုလည်း  ဘင်္ဂလားဒေ့ရှ်က ပြောကြားခဲ့ပါသည်။ တူရကီတပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် ခြင်းဖြင့် ခေတ်မီတပ်မတော်ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ဘင်္ဂလားဒေ့ရှ် တပ်မတော်အတွက် အကျိုးအမြတ်များစွာရရှိနိုင်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် Jahangirnagar တက္ကသိုလ်နိုင်ငံတကာဆက်ဆံရေးဌာနမှ ပါမောက္ခတစ်ဦးကပြောကြား ခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်ရေတပ်ဦးစီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၇ ရက်မှ ဇွန်လ ရက်အထိ တူရကီသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်၌ တူရကီလေတပ်နှင့်ရေတပ်မှ အရာရှိကြီးများနှင့်တွေ့ဆုံ၍ သင်္ဘော တည်ဆောက်ရေး၊ ဆိုက်ဘာလုံခြုံရေး၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်ရေး တို့ကို အလေးထားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

          ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ခေတ်မီတပ်မတော်တစ်ရပ် အဖြစ် တည်ဆောက်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်မှ စတင်၍  စီမံချက်ပေါင်းများစွာဖြင့်   ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာ၌ အခြားသောနိုင်ငံ များနှင့်လည်း ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် ခဲ့ရာ တူရကီနိုင်ငံလည်း အပါအဝင်ဖြစ်ကြောင်း တွေ့ရှိရပါသည်။  ဘင်္ဂလားဒေ့ရှ်အနေဖြင့်  တပ်မတော်အား အဆင့်မြှင့်တင်ရာ၌ လိုအပ်သည့် စစ်လက်နက်ပစ္စည်းမြောက်မြားစွာ ကိုလည်း တရုတ်၊ ရုရှား၊ အမေရိကန် နှင့် အိန္ဒိယနိုင်ငံတို့အပြင်  တူရကီနိုင်ငံမှလည်း ဝယ်ယူဖြည့်တင်းခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တူရကီနိုင်ငံထံမှ စတုတ္ထမြောက် လက်နက် အများဆုံးဝယ်ယူသည့် နိုင်ငံတစ်နိုင်ငံပင်ဖြစ်ခဲ့ပါသည်။  ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်များသည် တူရကီနိုင်ငံ၌စစ်ဘက်ဆိုင်ရာသင်တန်းများ တက်ရောက်သင်ကြားလျက်ရှိခြင်းဖြင့်လည်း နှစ်နိုင်ငံအကြား စစ်ဘက်ကဏ္ဍ၌အသိပညာများကို အပြန်အလှန်မျှဝေပေးလျက်ရှိပါသည်။ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ စစ်ဘက်အကြီးအကဲများ အပြန်အလှန်ချစ်ကြည်ရေး ခရီးသွားရောက်ခြင်းတို့မှတစ်ဆင့်လည်း  စစ်ဘက်ဆက်ဆံရေးသည် တဖြည်းဖြည်းပိုမို ခိုင်မာလာခဲ့ပါသည်။ လက်ရှိအချိန်တွင် တူရကီနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်လက်နက် ပစ္စည်းများထပ်မံရောင်းချရန် ကမ်းလှမ်းထားရှိသည့်အပြင် နှစ်နိုင်ငံအကြား စစ်လက်နက် ပစ္စည်းများပူးတွဲထုတ်လုပ်ရန်ကိုပင် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ကာကွယ်ရေးပစ္စည်းများကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်နိုင်ရေး စီမံချက်ကိုလည်း ရေးဆွဲထားလျက်ရှိရာ တူရကီနိုင်ငံနှင့် စစ်လက်နက်ပစ္စည်းပူးတွဲ ထုတ်လုပ်မည့်အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကြိုးပမ်းနိုင်ဖွယ်ရှိ သည့်အပြင် စစ်လက်နက်ပစ္စည်းများအား တူရကီထံမှ  ဆက်လက်ဝယ်ယူနိုင်ဖွယ်ရှိ ပါသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အနေဖြင့် တူရကီနိုင်ငံနှင့် ကာကွယ်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းမှတစ်ဆင့် ၎င်း၏ခေတ်မီတပ်မတော် တည်ဆောက်ရေးစီမံကိန်းဖြစ်သည့် Forces Goal 2030 ရည်မှန်းချက်အား များစွာ အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ 

No comments:

Post a Comment