Tass;May -31(Mon)
တူရကီနိုင်ငံအနေဖြင့်
ရုရှားနိုင်ငံမှဝယ်ယူခဲ့သည့် မြေပြင်မှဝေဟင်ပစ် S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များ အသုံးမပြုရန် အခြားသောနိုင်ငံများ၏
ပြောကြားချက်များအပေါ် လက်ခံနိုင်ဖွယ်ရာမရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး
မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) က မေလ ၁ ရက်တွင် ဂရိနိုင်ငံသို့ လာရောက်ခဲ့သည့်ခရီးစဉ်အတွင်း
ပြောကြားခဲ့ပါသည်။
သုံးသပ်ချက်
S-400 Triumf ဒုံးကျည်စနစ်သည် ရုရှားနိုင်ငံတွင် ၂၀၀၇ ခုနှစ်၌ စတင် အသုံးပြုခဲ့သည့်
တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြစ်ပြီး တာလတ်ပစ် လက်နက်များအပါအဝင်
လေယာဉ်များ၊ ခရုဇ်ဒုံးကျည်နှင့် ပဲ့ထိန်းဒုံးကျည်များအား ပစ်ခတ်ဖျက်ဆီးနိုင်သည့်
အမျိုးအစားဖြစ်ပါသည်။ ရုရှားနှင့် တူရကီတို့သည် အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိသည့် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ် ၄ ခု ဝယ်ယူရေးသဘောတူညီမှုအား
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုး ခဲ့ပြီး တူရကီနိုင်ငံသည်
ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူသည့်
ပထမဆုံးသော NATO အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပါသည်။
တစ်ချိန်တည်း မှာပင် တူရကီသည် အမေရိကန်နိုင်ငံထံမှ F-35 တိုက်လေယာဉ် ၁၀၀ စီးဝယ်ယူရန် စီစဉ်ထားရှိခဲ့ရာ အမေရိကန်နိုင်ငံက တူရကီ၏ S-400 ဝယ်ယူမှုသည် ၎င်းတို့၏ F-35 တိုက်လေယာဉ်များအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည်ဆိုသော အကြောင်းပြချက်ဖြင့်
ကန့်ကွက်လျက်ရှိသည့်အပြင် F-35 တိုက်လေယာဉ်များရောင်းချပေးရန်
စီစဉ်ထားမှုကို ရပ်ဆိုင်းခဲ့ပြီး တူရကီနိုင်ငံအတွင်း၌ အမေရိကန်နိုင်ငံနှင့်
အကျိုးတူပြုလုပ်လျက်ရှိသည့် ကာကွယ်ပစ္စည်းထုတ်လုပ်မှုကဏ္ဍအား ရပ်ဆိုင်းခြင်းနှင့်
အရေးယူပိတ်ဆို့မှုများလည်း ချမှတ်ခဲ့ပါသည်။ ထိုသို့အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့သော်လည်း
တူရကီသည် S-400
စနစ်များဒုတိယအသုတ်ထပ်မံဝယ်ယူရေးအတွက် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ် လျက်ရှိပါသည်။
လက်ရှိတွင်လည်း တူရကီသည် ကာကွယ်ရေးစွမ်းအားကိုမြှင့်တင် နိုင်ရန်
မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်များ၊ မောင်းသူမဲ့စစ်ရေယာဉ်များအပါအဝင် Hisar A+ အမည်ရှိ တာတိုနှင့်တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ကိုလည်း
ပြည်တွင်း၌ပင် ထုတ်လုပ်မှုနှင့် အဆင့်မြှင့်တင်မှုများပြုလုပ်လာနိုင်သည်ကို
တွေ့ရှိရပါသည်။ ထို့ကြောင့် ၎င်းလက်နက်များအသုံးပြုရေးနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံသည် တူရကီနိုင်ငံအပေါ် မည်သို့ပင်ဖိအားပေးမှုများပြုလုပ်စေကာမူ
တူရကီအနေဖြင့် ပြတ်ပြတ်သားသားငြင်းဆိုနေခြင်းဖြစ်ပါသည်။ ထို့ပြင် တူရကီ၏ S-400 စနစ်များထပ်မံ ဝယ်ယူမှုသည် ရုရှားနိုင်ငံထံမှ ဒုံးကျည်နည်းပညာစနစ်များအရယူကာ
ပြည်ပနိုင်ငံများ၏ အမှီအခိုကင်းစွာဖြင့် ပြည်တွင်း၌ပင် ကိုယ်ပိုင်တီထွင်ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်များ အောင်မြင်နိုင်ရန်အတွက် ဝယ်ယူနေခြင်းဖြစ်နိုင်ကြောင်း
သုံးသပ်တင်ပြအပ်ပါသည်။
S-400
လေကြောင်းရန်ကာကွယ်ရေးစနစ်၏အချက်အလက်များ
ထုတ်လုပ်သည့်ကုမ္ပဏီ - Almaz Central Design Bureau ။
စတင်အသုံးပြုသည့်ရက်စွဲ - ၂၀၀၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
ကုန်ကျစရိတ် - အမေရိကန်ဒေါ်လာ သန်း ၃၀၀ ။
အမြန်နှုန်း - ၁ စက္ကန့်လျှင် ၄.၈ ကီလိုမီတာ။
ရေဒါဖမ်းယူနိုင်မှု - အကွာအဝေး ၆၀၀ ကီလိုမီတာရှိ
ပစ်မှတ် ၃၆ ခုအား တစ်ပြိုင်တည်း ဖမ်းယူထိန်းချုပ်ပစ်ခတ်နိုင်စွမ်းရှိပါသည်။
ထိရောက်မှု - အကွာအဝေး ၄၀၀ ကီလိုမီတာနှင့် အမြင့်
၃၀ ကီလိုမီတာ အတွင်းပျံသန်းလာသော မည်သည့် လေကြောင်း ပစ်မှတ်ကိုမဆို
ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးနိုင်ပါသည်။
အသုံးပြုနိုင်သည့်သက်တမ်း - အနည်းဆုံး ၁၅ နှစ်မှ ၂၀ နှစ်။
No comments:
Post a Comment