Monday, June 21, 2021

တူရကီနှင့်အမေရိကန် ဆက်ဆံရေးသည် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း တူရကီသမ္မတက ပြောကြားခဲ့ခြင်း

APnews; Jun-21 (Mon)

တူရကီနှင့် အမေရိကန်တို့သည် မကြာသေးမီနှစ်များအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများစွာကြောင့် နေတိုးမဟာမိတ်နိုင်ငံများအကြား ဆက်ဆံရေးဆိုးရွားမှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင် နှစ်နိုင်ငံဆက်ဆံရေးသစ်တစ်ရပ် ပြန်လည်ထူထောင်လာနိုင် တော့မည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇွန်လ ၂၁ ရက်တွင် ပြောကြားခဲ့ပါသည်။ နေတိုးထိပ်သီးဆွေးနွေးပွဲအပြီးတွင် တူရကီ သမ္မတနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့အကြား ပြုလုပ်ခဲ့သည့်ဆွေးနွေးမှုအတွင်း အမေရိကန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်များကို လေးစား လိုက်နာရန်လိုအပ်ကြောင်းနှင့် ရုရှားနိုင်ငံထုတ် လက်နက်စနစ်ဝယ်ယူရေးဆုံးဖြတ်ချက် များအပါအဝင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများဆောင်ရွက်နေခြင်းအား ထောက်ပံ့မှုများပြုလုပ် သွားသင့်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ အာဒိုဂန်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ကျဆင်းခဲ့ရသည့် နိုင်ငံ၏စီးပွားရေးအား ပြန်လည် ကောင်းမွန်လာစေရန်အတွက် အမေရိကန်နိုင်ငံအပါအဝင် အခြားသောအနောက်နိုင်ငံ များနှင့် ဆက်ဆံရေးပြတ်တောက်မှုများအား ပြန်လည်ကောင်းမွန်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

တူရကီနိုင်ငံသည် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် များဝယ်ယူခြင်းကြောင့် အမေရိကန်သည် ၎င်းဦးဆောင်သည့် F-35 တိုက်လေယာဉ် ထုတ်လုပ်မှုအစီအစဉ်မှ တူရကီနိုင်ငံအားထုတ်ပယ်ခဲ့ပါသည်။ ထို့ပြင် တူရကီကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးအရာရှိများအား အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်း၊ စစ်လက်နက် ပစ္စည်းတင်ပို့မှုလိုင်စင်များကန့်သတ်ခြင်းအပါအဝင်  ဆီးရီးယားရှိကာ့ဒ်တပ်ဖွဲ့များအား အမေရိကန်၏ ထောက်ပံ့နေမှုများသည်လည်း နှစ်နိုင်ငံအကြား ကာလကြာရှည်စွာ သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများပြုလုပ် ခြင်းမှတစ်ဆင့်  သဘောထားကွဲလွဲမှုများအား ဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး ပြီးပြည့်စုံသော အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရေးအတွက်လည်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိ ရပါသည်။

သုံးသပ်ချက်

တူရကီနှင့် အမေရိကန်နိုင်ငံတို့သည် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံများဖြစ် သော်လည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် နှစ်နိုင်ငံအကြား စစ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ဆက်ဆံရေးတင်းမာမှု များ မြင့်တက်လာခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် နိုင်ငံ၏လုံခြုံရေးအား အဆင့် မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်များကိုဝယ်ယူခြင်းနှင့် နိုင်ငံအတွင်းစမ်းသပ်မှုများပြုလုပ်ခဲ့ပါသည်။ အမေရိကန် နိုင်ငံအနေဖြင့် တူရကီနိုင်ငံ၏ S-400 ဝယ်ယူမှုသည် ၎င်းတို့၏ F-35 တိုက်လေယာဉ် များအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည်ဆိုသော အကြောင်းပြချက်ဖြင့် အပြင်းအထန် ကန့်ကွက်လျက်ရှိသည့်အပြင် F-35 တိုက်လေယာဉ်များရောင်းချပေးရန် စီစဉ်ထားမှုကို ရပ်ဆိုင်းခဲ့ပြီး တူရကီနိုင်ငံအတွင်း၌ အမေရိကန်နိုင်ငံနှင့် အကျိုးတူပြုလုပ်လျက်ရှိသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုကဏ္ဍအားရပ်ဆိုင်းခြင်းနှင့် အရေးယူပိတ်ဆို့မှုများလည်း ချမှတ်ခဲ့ပါသည်။ ထို့ပြင် တူရကီစစ်ဘက်က တိုက်ခိုက်လျက်ရှိသော ကာ့ဒ်စစ်သွေးကြွ တပ်ဖွဲ့များအပေါ် အမေရိကန်ဘက်မှ ထောက်ပံ့မှုများပြုလုပ်လျက်ရှိခြင်းသည်လည်း တူရကီနှင့် အမေရိကန်နိုင်ငံတို့အကြား သဘောထားကွဲလွဲမှုများအား ပိုမိုမြင့်တက် လာစေခဲ့ပါသည်။ ထို့ကြောင့် တူရကီနိုင်ငံသည် သမ္မတ ဘိုင်ဒင်လက်ထက်တွင် နှစ်နိုင်ငံ အကြားဖြစ်ပေါ်လျက်ရှိသည့် သဘောထားတင်းမာမှုများကိုလျှော့ချရန်၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန်နှင့် ဒေသတွင်း အကျိုးတူပူးပေါင်းဆောင်ရွက်မှုရလဒ်များ မြင့်မားလာစေရန် စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုများ ထပ်မံပြုလုပ် သွားရန် နှစ်နိုင်ငံခေါင်းဆောင်များအကြား သဘောတူညီခဲ့ကြကြောင်းလည်း သိရှိရပါသည်။ သို့ဖြစ်၍ သီးခြားတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖြစ်ပေါ်လျက်ရှိသည့် တင်းမာမှုများ နှင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ အကြား ဆက်ဆံရေးသစ်တစ်ရပ်ကို ထူထောင်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

No comments:

Post a Comment