Tuesday, December 7, 2021

ဆလိုဗက်ကီးယားသည် ထိုင်ဝမ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဆိုခြင်း

 Webindia; Dec-6 (Mon)

              ဆလိုဗက်ကီးယားနိုင်ငံသည် ထိုင်ဝမ်အပေါ် အပြည့်အဝကူညီထောက်ပံ့ပေးရေး အပါအဝင် စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်လာ စေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း စီးပွားရေးဒုတိယဝန်ကြီး ကာရိုဂါလက် (Karol Galek) က ဒီဇင်ဘာလ ၆ ရက်တွင် ထိုင်ဝမ်မြို့တော် တိုင်ပေ၌ပြုလုပ်သည့် ထိုင်ဝမ်-ဆလိုဗက်ကီးယား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကော်မရှင်ဆွေးနွေးပွဲအတွင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထိုင်ဝမ်သည် ဆလိုဗက်ကီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ၎င်း၏ရင်းနှီးမြှုပ်နှံမှု ကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၀၀၀ ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း ဂါလက်က ဆက်လက်ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုမှတစ်ဆင့် အနာဂတ်ကာလပူးပေါင်း ဆောင်ရွက်မှုတွင်  ၎င်းတို့နှစ်ဖက်အကြား၌ စီးပွားရေးဆိုင်ရာ အလားအလာကောင်း များရရှိလာမည်ဖြစ်ကြောင်း ဂါလက်က ထပ်လောင်းပြောကြားခဲ့ပါသည်။

          ထို့ပြင် ကာရိုဂါလက်သည် ထိုင်ဝမ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (National Development Council-NDC) အကြီးအကဲ ကောင်းမင်ရှီ (Kung Ming-Hsin) နှင့်တွေ့ဆုံ၍ ခေတ်မီမြို့သစ်တည်ဆောက်ရေး၊ စက်မှုလုပ်ငန်းများ၊ လျှပ်စစ်မော်တော် ယာဉ်များနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးကဏ္ဍအပါအဝင် အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍရပ်များနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြပါသည်။ ဆလိုဗက်ကီးယား နိုင်ငံသည် ထိုင်ဝမ်အနေဖြင့် ကောင်းမွန်သည့်အခွင့်အလမ်းများ ရရှိချိန်တွင်သာမက အခက်အခဲများဖြစ်ပေါ်လာချိန်တွင်လည်း မဟာမိတ်နိုင်ငံတစ်ခုအဖြစ်ရပ်တည်ရန် အသင့် ရှိကြောင်းနှင့် ထိုင်ဝမ်အပေါ်တွင်လည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများလုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ဂါလက်က ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ 

No comments:

Post a Comment