Xinhua; Dec-8 (Wed)
တူရကီနှင့် ကာတာနိုင်ငံတို့သည် တူရကီ-ကာတာ
မဟာဗျူဟာမြောက် ပူးတွဲ ကော်မတီ၏ (၇)ကြိမ်မြောက်အစည်းအဝေးကို ကာတာနိုင်ငံ၊ ဒိုဟာ
(Doha) မြို့၌ ဒီဇင်ဘာလ ၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု
များ ပြုလုပ်သွားရေးအတွက် သဘောတူညီချက်များအား
လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ကာတာစော်ဘွား
ရှိတ်တာမင်ဘင်ဟာမတ်အယ်လ်သာနီ (Sheikh Tamim bin Hamad Al Thani) နှင့် တူရကီသမ္မတ
ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့ သည် အဆိုပါအစည်းအဝေးအား ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်း
ကာတာ အစိုးရအဖွဲ့ရုံး (Amiri Diwan) က ၎င်း၏ဝက်ဘ်ဆိုက်တွင်
ထုတ်ပြန်ကြေညာခဲ့ပါသည်။ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ဆက်ဆံရေးကို ခိုင်မာစေရေးနှင့်
စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်း၊ ကာကွယ်ရေး၊ လုံခြုံရေး၊ မတည်ထောက်ပံ့လှူဒါန်း
မှုများ၊ မီဒီယာ၊ ယဉ်ကျေးမှုနှင့် အားကစားအပါအဝင် နယ်ပယ်များစွာတွင် ပူးပေါင်း ဆောင်ရွက်မှုများ အဆင့်မြှင့်တင်နိုင်ရေး အလားအလာများကိုလည်း
နှစ်နိုင်ငံခေါင်းဆောင် များက ဆွေးနွေးခဲ့ကြကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
တူရကီနှင့် ကာတာနိုင်ငံတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး
ခိုင်မာစေရန်နှင့် ကော်မတီ၏ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် နှစ်နိုင်ငံ အစည်းအဝေးများ
ကျင်းပရခြင်း၏ အရေးပါမှုကိုလည်း ကာတာစော်ဘွားက အလေး အနက်ထား ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြား သဘောတူညီချက်များသည် နှစ်နိုင်ငံ
ပြည်သူများ၏ အကျိုးစီးပွားကိုမြှင့်တင်ရာတွင် အထောက်အကူဖြစ်စေနိုင်မည်ဟု မျှော် လင့်ကြောင်းလည်း
၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံစလုံး အတွက် ဘုံစိုးရိမ်ဖွယ်ရာကိစ္စရပ်များဖြစ်သည့် ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာ
နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ
ပြုလုပ်ခဲ့ကြပါသည်။ ကော်မတီအစည်းအဝေးအတွင်း နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့်
သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာ
(MoUs) အများအပြားကိုလည်း လက်မှတ် ရေးထိုးခဲ့ကြကြောင်း ကာတာအစိုးရအဖွဲ့ရုံးက ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန်အတွက် တူရကီသမ္မတ အာဒိုဂန်သည် ဒီဇင်ဘာလ ၆ ရက်မှစ၍
ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့ ၂ ရက်ကြာ တရားဝင်အလည်အပတ်ခရီးရောက်ရှိနေခြင်း ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment