Tass; Dec-13 (Mon)
ပိုလန်နှင့်
ဂျာမနီနိုင်ငံတို့ပူးပေါင်း၍ Nord Stream 2 စီမံကိန်းနှင့်ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသောအန္တရာယ်များကို တုံ့ပြန်နိုင်မည့်နည်းလမ်းများအား
အသေးစိတ် ပြင်ဆင်လုပ်ဆောင်လျက်ရှိကြောင်း Tass သတင်းဌာနက ဒီဇင်ဘာလ ၁၃
ရက်တွင် ပြောကြားခဲ့ပါသည်။ ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz
Morawiecki) သည် ၎င်း၏နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုဇ်
(Olaf Scholz) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်တွင်
အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ရုရှားအနေဖြင့် Nord Stream 2 ကို ဖိအားပေးခြိမ်းခြောက်မှုဆိုင်ရာလက်နက်တစ်ခုအဖြစ်
အသုံးပြုနိုင်ပြီးဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်များအား မှန်းဆနိုင်ခြင်းမရှိကြောင်း
မိုရာဝီခ်ကီ က ပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံသည် Nord Stream 2 ကို ဖိအားပေးလက်နက်တစ်ခုအဖြစ် အသုံးပြုမည်ဆိုပါက ယူကရိန်း၊ ပိုလန်နှင့် အရှေ့ဥရောပနိုင်ငံအများအပြားသည် ရုရှား၏ ခြိမ်းခြောက်မှုအောက်သို့ရောက်ရှိလာနိုင်ပြီး အဆိုပါခြိမ်းခြောက်မှုသည် အီးယူနှင့်နေတိုး အပါအဝင် ဥရောပအရှေ့ပိုင်းနိုင်ငံများကို မတည်မငြိမ်ဖြစ်စေနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါအန္တရာယ်များကို တုံ့ပြန်နိုင်မည့်နည်းလမ်းများအား ဂျာမနီနိုင်ငံနှင့်အတူ အသေးစိတ်ဆွေးနွေးလျက်ရှိ ကြောင်းကိုလည်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ Nord Stream 2 သည် ဥရောပမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာစီမံကိန်းတစ်ခုဖြစ်သည်ကို ရုရှားအစိုးရအနေဖြင့် အကြိမ်ကြိမ်ပြောကြား ခဲ့ပြီးဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံသည် စွမ်းအင်အရင်းအမြစ်များကို ဖိအားပေးလက်နက် တစ်ခုအဖြစ် မည်သည့်အခါတွင်မျှ အသုံးပြုမည်မဟုတ်ကြောင်း ရုရှားသမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment