Sunday, December 19, 2021

တတိယအကြိမ်မြောက် တူရကီ-အာဖရိက ထိပ်သီးအစည်းအဝေးကျင်းပခဲ့ခြင်း

 

Xinhua; Dec-19 (Sun)

              တူရကီနှင့် အာဖရိကနိုင်ငံများမှ ခေါင်းဆောင်တို့သည် အာဖရိကဒေသအတွင်း အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အပါအဝင် အခြားသောကဏ္ဍအသီးသီးတွင် ၎င်းတို့အကြား မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဒီဇင်ဘာလ ၁၈ ရက်၌ သဘောတူညီခဲ့ကြ ပါသည်။ ၎င်းတို့သည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင် ပြုလုပ်ခဲ့သော တတိယအကြိမ်မြောက် တူရကီ-အာဖရိက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေး၌ အထက်ပါအတိုင်း သဘောတူညီခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ထိပ်သီးအစည်းအဝေးကျင်းပပြီးနောက် တူရကီနိုင်ငံအနေဖြင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကဏ္ဍများအား ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် အာဖရိက ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်သွားရန် တူရကီ ကုမ္ပဏီများအပေါ် ဆက်လက်တိုက်တွန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

              ထို့ပြင် တူရကီနိုင်ငံအနေဖြင့် အကြမ်းဖက်မှု၊ အုပ်စုဖွဲ့ကျူးလွန်သော ရာဇဝတ်မှု များကို တိုက်ဖျက်ရန်နှင့် အာဖရိကဒေသတွင်းနိုင်ငံများ၌ ဆင်းရဲမွဲတေမှုပပျောက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း သမ္မတ အာဒိုဂန်က ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့အတူ အာဖရိကဒေသတွင်းနိုင်ငံများ အနေဖြင့် ကုန်သွယ်မှု၊ အခြေခံအဆောက်အဦ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ခိုင်မာအားကောင်းသည့် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အာဖရိကသမဂ္ဂ (African Union-AU) ဥက္ကဋ္ဌနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတဖြစ်သူ ဖီးလစ်ရှီစီကီဒီ (Félix Tshisekedi) က ပြောကြားခဲ့ပါသည်။ အာဖရိကဒေသအတွင်းရှိ အချို့သောနိုင်ငံများ အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ မတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိသည့်အတွက် အနာဂတ်ကာလ၌ ငြိမ်းချမ်းမှုနှင့် လုံခြုံမှု ရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်းကိုလည်း သမ္မတ ရှီစီကီဒီက ထပ်လောင်း ပြောကြားခဲ့ပါသည်။ အဆိုပါထိပ်သီးအစည်းအဝေးအား ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက် အထိ ၃ ရက်ကြာပြုလုပ်ခဲ့ရာ အာဖရိကဒေသမှ ခေါင်းဆောင် ၁၆ ဦးနှင့် ဝန်ကြီးပေါင်း    ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment