Friday, December 10, 2021

အမေရိကန်အစိုးရသည် ဂရိနိုင်ငံသို့ ဖရီးဂိတ်သင်္ဘောများ ရောင်းချမည့် အစီအစဉ်ကိုအတည်ပြုခဲ့ခြင်း

 

Trtworld; Dec-11 (Sat)

              အမေရိကန်အစိုးရသည် အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံတန်ဖိုးရှိသော Lockheed Martin ကုမ္ပဏီထုတ် ဖရီးဂိတ်စစ်ရေယာဉ် ၄ စီးအား ဂရိနိုင်ငံသို့ရောင်းချရန်  အတည်ပြုခဲ့ကြောင်း ဒီဇင်ဘာလ ၁၀ ရက်တွင် အမေရိကန်ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Defense Security Cooperation Agency-DSCA) က ထုတ်ပြန်ကြေညာခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံမှ ဂရိနိုင်ငံသို့ ဖရီးဂိတ်စစ်ရေယာဉ် ၃ စီးရောင်းချခဲ့မှုအပေါ် ပြိုင်ဆိုင် သည့်အနေဖြင့် ယခုကဲ့သို့  ဖရီးဂိတ်စစ်ရေယာဉ်များရောင်းချရန် အတည်ပြုခဲ့ခြင်းဖြစ် ပါသည်။ ပြင်သစ်နှင့်ဂရိနိုင်ငံအကြား ဖရီးဂိတ်စစ်ရေယာဉ်ဝယ်ယူရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် သီတင်းပတ် ၁၀ ပတ်အကြာတွင် အမေရိကန်နိုင်ငံ၏ အထက်ပါအတည်ပြုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

              DSCA သည် MEKO အမျိုးအစားဖရီးဂိတ်စစ်ရေယာဉ် ၄ စီးအား အဆင့် မြှင့်တင်ရန်အတွက် ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ကုန်ကျနိုင်မည်ဖြစ် ကြောင်းကိုလည်း အမေရိကန်လွှတ်တော်သို့တင်ပြခဲ့ပါသည်။ ပြင်သစ်နိုင်ငံသည် အမေရိကန် နိုင်ငံနှင့် ပြီးခဲ့သည့်စက်တင်ဘာလတွင် ဩစတြေးလျနိုင်ငံ၏ ရေငုပ်သင်္ဘောဝယ်ယူရေး နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကြောင့် နှစ်နိုင်ငံအကြားတင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက် ၎င်း၏လက်နက်ကုန်သွယ်ရေးကိစ္စရပ်များတွင် ခြိမ်းခြောက်မှုပြဿနာများနှင့်ကြုံတွေ့ ခဲ့ရပါသည်။ ပြင်သစ်နှင့်ဂရိနိုင်ငံတို့သည် ဖရီးဂိတ်စစ်ရေယာဉ်ဝယ်ယူရေးနှင့်ပတ်သက်၍ အပြီးသတ်သဘောတူညီမှုတစ်ရပ်ကို ယခုနှစ်အတွင်းရရှိခဲ့ပြီးဖြစ်၍ လာမည့် ၂၀၂၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံအနေဖြင့် ဂရိနိုင်ငံသို့ ဖရီးဂိတ်စစ်ရေယာဉ်များအား လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များ၏ဖော်ပြချက်အရ သိရှိရပါသည်။ 

သုံးသပ်ချက်

ပြင်သစ်နှင့်အမေရိကန်နိုင်ငံတို့သည် ပြီးခဲ့သည့် စက်တင်ဘာလတွင် ဩစတြေးလျ ရေငုပ်သင်္ဘောဝယ်ယူရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာ ခဲ့ပြီးနောက်  ပြင်သစ်နိုင်ငံသည် လက်နက်ကုန်သွယ်ရေးခြိမ်းခြောက်မှုပြဿနာများနှင့် ကြုံတွေ့ခဲ့ရပါသည်။ လက်ရှိတွင်လည်း ပြင်သစ်နိုင်ငံက ဂရိနိုင်ငံအား ဖရီးဂိတ်သင်္ဘော ၃ စီး ရောင်းချခဲ့မှုအပေါ် ပြိုင်ဆိုင်သည့်အနေဖြင့် အမေရိကန်အစိုးရသည် ဂရိနိုင်ငံအား Lockheed Martin ကုမ္ပဏီထုတ် ဖရီးဂိတ်သင်္ဘော ၄ စီးရောင်းချရန် အတည်ပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ ပြင်သစ်နှင့်ဂရိနိုင်ငံတို့အကြား ဖရီးဂိတ်စစ်သင်္ဘောဝယ်ယူရေးနှင့် ပတ်သက်၍ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် သီတင်းပတ် ၁၀ ပတ်အကြာတွင် အမေရိကန်နိုင်ငံ၏ သင်္ဘောရောင်းချမည့်အတည်ပြုချက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်အစိုးရသည် ဂရိနိုင်ငံအား ဖရီးဂိတ်သင်္ဘောများရောင်းချပေးရန် အတည်ပြု ခဲ့ခြင်းကြောင့် မြေထဲပင်လယ်အရှေ့ပိုင်းဒေသတွင်း ရေကြောင်းလုံခြုံရေးနှင့် ရေတပ်၏ စစ်ရေးစွမ်းရည်ကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော ဂရိနိုင်ငံအား ခေတ်မီစစ်သင်္ဘောများရောင်းချပေးခြင်းဖြင့် နေတိုးအဖွဲ့နှင့် အမေရိကန်နိုင်ငံတို့၏ ဒေသတွင်းလုံခြုံရေးနှင့် မဟာဗျူဟာမြောက် စစ်အင်အားတည်ဆောက်မှုများကိုလည်း အထောက်အပံ့ဖြစ်စေကြောင်း တွေ့ရှိရပါသည်။ ကမ္ဘာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးစီးပွားရေးကျဆင်းလျက် ရှိသော်လည်း စီးပွားရေးမကျဆင်းသည့်အပြင် တစ်နှစ်ထက်တစ်နှစ် အမြတ်အစွန်း ရရှိသည့်လုပ်ငန်းမှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ တစ်ကမ္ဘာလုံးတွင် အမြတ်အစွန်းအများဆုံးရရှိသည့် စစ်လက်နက် ပစ္စည်းကုမ္ပဏီများအနက် ထိပ်တန်းကုမ္ပဏီ ၅ ခုသည် အမေရိကန်မှဖြစ်ပါသည်။ ၎င်းတို့အနက် လော့ဟိမာတင်ကုမ္ပဏီသည် နံပတ်(၁)နေရာတွင်တည်ရှိပြီး စစ်လက်နက် ပစ္စည်းရောင်းချရငွေမှ ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၈.၂ ဘီလီယံရရှိထား ကြောင်း သိရှိရပါသည်။ သို့သော်လည်း ထူးထူးခြားခြားရောင်းအားကျဆင်းသွားသည့် ထိပ်တန်းကုမ္ပဏီများတွင် ပြင်သစ်နိုင်ငံမှ စစ်လက်နက်ပစ္စည်းကုမ္ပဏီများပါဝင်နေပြီး သားလက်(စ်)စစ်နက်လက်ပစ္စည်းကုမ္ပဏီသည် ၅.၈ ရာခိုင်နှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးကိုပြယုဂ်တစ်ခုအဖြစ်သာ လက်ကိုင်ထားပြီး စစ်လက်နက်ပစ္စည်း များအပြိုင်အဆိုင်ထုတ်လုပ်ရောင်းချနေသည်ကို တွေ့ရှိရသကဲ့သို့ အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့၏ ကမ္ဘာ့စစ်လက်နက်ပစ္စည်းဈေးကွက်ပြိုင်ဆိုင်မှုမှာလည်း ပိုမိုအားကောင်း လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment