Sunday, October 3, 2021

တူရကီသည် ယခုသီတင်းပတ်အတွင်း အဇာဘိုင်ဂျန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်သွားရန်ရှိခြင်း

 

Bloomberg; Oct-4 (Mon)

              အီရန်နိုင်ငံက အဇာဘိုင်ဂျန်နယ်စပ်အနီး စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခဲ့ပြီးနောက် တူရကီနိုင်ငံသည်လည်း အဇာဘိုင်ဂျန်နှင့်အတူ အီရန်နှင့်နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ဒေသတစ်ခုတွင် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ရန်စီစဉ်ထားကြောင်း တူရကီ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ပိုင်နာကရာ (Pinar Kara) က  အောက်တိုဘာလ ၄ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်းအား Brotherhood-2021 ဟု အမည်ပေးထားပြီး  အဇာဘိုင်ဂျန်နိုင်ငံ၊ Nakhchivan မြို့၌ အောက်တိုဘာလ ၅ ရက်မှ ၈ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။  အောက်တိုဘာလ ၃ ရက် အစောပိုင်းတွင် အီရန်ထိပ်တန်းအကြီးအကဲ အယာတိုလာအလီခါမေနီ (Ayatollah Ali Khamenei) က ၎င်းတို့သည် ပြီးခဲ့သည့်သီတင်းပတ်တွင် အဇာဘိုင်ဂျန်နယ်စပ်အနီး၌ စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် အဆိုပါကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

              အီရန်နိုင်ငံအနေဖြင့် အဇာဘိုင်ဂျန်နယ်စပ်အနီး၌ ထိုကဲ့သို့ စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် အဇာဘိုင်ဂျန်နှင့်အစ္စရေးတို့အကြားရှိ ဆက်ဆံရေးအပေါ် သံသယ ရှိသောကြောင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ခါမေနီ က ပြောကြားခဲ့ပါသည်။ ထို့ပြင် ခါမေနီက အီရန်နိုင်ငံ၏ အနောက်မြောက်ပိုင်းရှိနိုင်ငံများအနေဖြင့် ၎င်းတို့၏ အမျိုးသား လုံခြုံရေးအပေါ် ဝင်ရောက်စွက်ဖက်ခြင်းအား ခွင့်ပြုသွားမည်မဟုတ်ကြောင်း၊ အရှေ့ အလယ်ပိုင်းတွင် နိုင်ငံခြားတပ်ဖွဲ့များရှိနေခြင်းသည် အရှေ့အလယ်ပိုင်းအား ပျက်စီး စေနိုင်ကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ အစ္စရေးနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့အကြား ဖြစ်ပွားခဲ့သည့် နာဂေါ်နို-ကရာဘတ် ပဋိပက္ခတွင် အဇာဘိုင်ဂျန်နိုင်ငံသို့ မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်နှင့် အဆင့်မြင့် နည်းပညာသုံးလက်နက်များ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              တူရကီနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးအား ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်တွင် ထူထောင်ခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာ အားကောင်းစေရန်အတွက် ၂၀၁၀ ပြည့်နှစ်တွင် အဆင့်မြင့်မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ (HLSC) အား ထူထောင်ခဲ့ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကို အတူတကွလုပ်ဆောင်ခဲ့ကြပါသည်။ ထိုကဲ့သို့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအား အတူတကွလုပ်ဆောင်သကဲ့သို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု များကိုလည်း လုပ်ဆောင်ခဲ့ကြပါသည်။ တူရကီနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့သည် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ်  စက်တင်ဘာလ ၂ ရက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ခြင်းနှင့်  စက်တင်ဘာလ ၁၂ ရက်တွင် Three Brothers–2021 အမည်ရှိ တူရကီ၊ အဇာဘိုင်ဂျန်နှင့် ပါကစ္စတန် ၃ နိုင်ငံပါဝင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လည်း ပြုလုပ်ခဲ့ပါသည်။ လက်ရှိအချိန်တွင်လည်း တူရကီနှင့် အဇာဘိုင်ဂျန်နိုင်ငံ တို့သည် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ရန်စီစဉ်ခဲ့ပါသည်။ ထိုကဲ့သို့ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းပြုလုပ်ရန် စီစဉ်ခြင်းသည် ပြီးခဲ့သည့်သီတင်းပတ်တွင် အဇာဘိုင်ဂျန် နယ်စပ်အနီး၌ အီရန်၏ စစ်ရေးလေ့ကျင့်ခန်းပြုလုပ်မှုအပေါ် တုံ့ပြန်ဆောင်ရွက်ရန် အတွက် ပြုလုပ်ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ တူရကီနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့အကြား ထိုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် နှစ်နိုင်ငံ၏ စစ်ဘက်စွမ်းရည်များ ယခုထက် ပိုမိုတိုးတက်ကောင်းမွန်လာနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း အီရန်နှင့် အဇာဘိုင်ဂျန်နိုင်ငံတို့၏ ဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာနိုင်ကြောင်း သုံးသပ်တင်ပြအပ် ပါသည်။


No comments:

Post a Comment