Sunday, October 3, 2021

အဇာဘိုင်ဂျန်၊ တူရကီနှင့် ဂျော်ဂျီယာစစ်ဘက်တပ်ဖွဲ့ဝင်များသည် ဂျော်ဂျီယာ၌ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းပြုလုပ်လျက်ရှိခြင်း

 

Tass; Oct-4(Mon)

              အဇာဘိုင်ဂျန်၊ တူရကီနှင့် ဂျော်ဂျီယာနိုင်ငံတို့၏ စစ်ဘက်တပ်ဖွဲ့ဝင်များသည် ဂျော်ဂျီယာနိုင်ငံတွင် The Eternity 2021 အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းအား စတင် ပြုလုပ်ခဲ့ကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာလ ၄ ရက်၌ ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်ခန်းအား အောက်တိုဘာလ ၄ ရက်မှ ၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ၃ နိုင်ငံ၏ စစ်ဘက် တပ်ဖွဲ့ဝင်များအနေဖြင့် နည်းပညာပိုင်းနှင့် လက်တွေ့ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများအား ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၃ နိုင်ငံ၏ စစ်ဘက်တပ်ဖွဲ့ဝင် ၂၀၀ ဦး ပါဝင်သွားမည် ဖြစ်ကြောင်း ၎င်းပြန်ကြားရေးအဖွဲ့က ဆက်လက်ထုတ်ပြန်ခဲ့ပါသည်။

              ယခုကဲ့သို့ ၃ နိုင်ငံအကြား ပူးတွဲလေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ဒေသတွင်း စီးပွားရေးစီမံကိန်းများအား ကာကွယ်နိုင်ရန်အတွက်ဖြစ်ကြောင်းနှင့် အထူးသဖြင့် အဇာဘိုင်ဂျန်-ဂျော်ဂျီယာ-တူရကီ ၃ နိုင်ငံသွယ်တန်းထားသည့် ရေနံပိုက်လိုင်း လုံခြုံရေးအတွက်ဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာနှင့် တူရကီနိုင်ငံတို့၏ ကာကွယ်ရေးဝန်ကြီးများအနေဖြင့်လည်း ဂျော်ဂျီယာနိုင်ငံ၊ Kakheti ဒေသတွင် ဆွေးနွေးမှုတစ်ရပ်ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲ၌ စစ်ရေးနှင့် စစ်ဘက်နည်းပညာအပါအဝင် စစ်ဘက်ပညာရေးနှင့်ပတ်သက်၍နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်ဟု သိရှိရ ပါသည်။

No comments:

Post a Comment