Webindia123; Feb-11(Fri)
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်(Boris Johnson) သည် ယူကရိန်းအရေး ဆိုင်ရာ တင်းမာမှုများဆက်လက်မြင့်တက်နေစဉ်အတွင်း ၎င်း၏ အမှတ် (၄၅) ကွန်မန်ဒို တပ်ရင်းမှ တပ်ဖွဲ့ဝင် ၃၅၀ ဦးကို ပိုလန်နိုင်ငံ၌ တိုးမြှင့်တပ်ဖြန့်ချထားကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်တွင် အတည်ပြုပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်သည် ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) နှင့် ပိုလန်နိုင်ငံ၊ ဝါဆော (Warsaw) မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါတပ်ဖွဲ့ဝင်များသည် ပိုလန်နိုင်ငံတွင် NATO အဖွဲ့အား ဆက်လက်တည်ရှိနေမှုကို ပံ့ပိုးပေးနေသည့် ဗြိတိန်စစ်ဘက်အင်ဂျင်နီယာ ၁၅၀ ဦးနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ ထို့ပြင် ပိုလန်နိုင်ငံသည် ဉရောပဒေသလုံခြုံရေးအတွက် အရေးပါသော နိုင်ငံဖြစ်ပြီး ပိုလန်နိုင်ငံရင်ဆိုင်ခဲ့ရသည့် နယ်စပ်ကျူးကျော်ရန်စမှုများသည် ဉရောပနိုင်ငံ များကိုခြိမ်းခြောက်မှုဖြစ်သဖြင့် ယခုကဲ့သို့ တပ်ဖွဲ့ဝင်များအား စေလွှတ်ရခြင်းဖြစ် ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels)မြို့တွင် NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျင်စတိုတန်ဘာ့ဂ် (Jens Stoltenberg)နှင့်တွေ့ဆုံ၍ ယူကရိန်းအရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီးနောက် ပိုလန်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနယ်စပ်တွင် စစ်အင်အားတည်ဆောက်နေမှုများနှင့်ပတ်သက်၍ အမေရိကန်၊ ဗြိတိန်နှင့် အခြား NATO အဖွဲ့ဝင်များက စိုးရိမ်မှုများမြင့်တက်လာမှုနှင့်အတူ ယူကရိန်းအရေးကိစ္စသည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ပိုမိုဆိုးရွားလာခဲ့ပါသည်။ ဉရောပသမဂ္ဂအနေဖြင့် လည်း ရုရှားနိုင်ငံမှ ဉရောပသို့ စွမ်းအင်တင်ပို့မှုများအပေါ် ဖြတ်တောက်နိုင်သည့် အလားအလာများနှင့်စပ်လျဉ်း၍ စိုးရိမ်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment