Sunday, February 13, 2022

ဂရိနိုင်ငံသည် IMF ချေးငွေများကို သတ်မှတ်ကာလထက်ကြိုတင်၍ ပြန်လည်ပေးဆပ်သွားမည်ဖြစ်ခြင်း

US.news; Feb-14 (Mon)

ဂရိနိုင်ငံအနေဖြင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (Intrnational Monetary Fund-IMF) ထံသို့ ပေးဆပ်ရန်ကျန်ရှိသည့်ချေးငွေများကို သတ်မှတ်ကာလထက် ၂ နှစ် ကြိုတင်၍ ယခုနှစ်မတ်လအကုန်တွင် ပြန်လည်ပေးဆပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ခရစ်စတိုစတိုက်ကိုရက်စ် (Christos Staikouras) က ရိုက်တာ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြန်လည်ဖြေကြားမှုများကို ကိုးကား၍ US.news သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါချေးငွေများ ပြန်လည် ပေးဆပ်ခြင်းသည် ဂရိနိုင်ငံအနေဖြင့် အကြွေး ၁ ရာခိုင်နှုန်းခန့် လျော့ချရန်နှင့် အတိုးနှုန်း ပေးချေမှုတွင် ယူရို သန်း ၅၀ ခန့် သက်သာစေမည်ဟု ခန့်မှန်းထားပါသည်။ ဆယ်စုနှစ် ကာလကြာ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများဖြင့် ရင်ဆိုင်ရသည့်ကာလအတွင်း ဂရိနိုင်ငံသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဥရောပသမဂ္ဂ (EU) တို့ထံမှ ချေးငွေအဖြစ် ယူရို ၂၆၀ ဘီလီယံ လက်ခံရရှိခဲ့ပါသည်။

ဂရိနိုင်ငံသည် ယခုနှစ်အတွင်း ပြည်တွင်းအသားတင်ထုတ်ကုန် (Gross Domestic Product-GDP) စုစုပေါင်း၏ ၁၉၀ ရာခိုင်နှုန်းနီးပါး ပြည်ပကြွေးမြီတင်လျက်ရှိပြီး ဥရောပအဖွဲ့ဝင်နိုင်ငံများတွင် ကြွေးမြီအများဆုံးနိုင်ငံအဖြစ် တည်ရှိနေပါသည်။ ဂရိနိုင်ငံ အနေဖြင့် စီးပွားရေးပိုမိုခိုင်မာတောင့်တင်းလာပါက လာမည့်နှစ်တွင် စီးပွားရေး ပြန်လည် လည်ပတ်လာနိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ခရစ်စတိုစတိုက်ကိုရက်စ်က ပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်မှစတင်၍ ဂရိနိုင်ငံအနေဖြင့် လက်တွေ့ကျသော စီးပွားရေးဆိုင်ရာတိုးတက်မှုလမ်းကြောင်းပေါ်သို့ ဦးတည်လုပ်ဆောင်သွားမည်ဖြစ် ကြောင်းနှင့် အဆိုပါဆောင်ရွက်ချက်သည် ဂရိနိုင်ငံအား ရင်းနှီးမြှုပ်နှံမှုအဆင့်အတန်းသို့ ပြန်လည်ရောက်ရှိနိုင်စေသည့် အရေးပါသော ဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း သိရှိ ရပါသည်။

No comments:

Post a Comment