Webindia123;Feb-12(Sat)
ယူကရိန်းနယ်စပ်ဒေသတစ်လျှောက်တွင် စစ်ရေးတင်းမာမှုများမြင့်တက်နေစဉ် ကာလအတွင်း ပိုလန်နိုင်ငံသို့ အမေရိကန်တပ်ဖွဲ့ဝင်ဦးရေ ၃,၀၀၀ ကျော်စေလွှတ်သွားမည့် အမိန့်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ထုတ်ပြန်ခဲ့ကြောင်း Webindia123 သတင်းဌာနက ဖေဖော်ဝါရီလ ၁၂ ရက်၌ ဖော်ပြ ခဲ့ပါသည်။ လွိုက်အော်စတင်၏အမိန့်အရ အမေရိကန်နိုင်ငံ၊ မြောက်ကယ်လီဖိုးနီးယား ပြည်နယ်၊ ဖော့ဒ်ဘရက် (Fort Bragg) မြို့ရှိ အမှတ် (၈၂) လေကြောင်းချီခြေလျင်တပ်မ ဌာနချုပ်မှ တပ်ဖွဲ့ဝင်ဦးရေ ၃,၀၀၀ ကျော်သည် ပိုလန်နိုင်ငံ၌ တပ်ဖြန့်ချထားခဲ့ပြီးဖြစ်သော အမေရိကန်တပ်ဖွဲ့ဝင် ၁,၇၀၀ ဦးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဌာနချုပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး လာမည့်သီတင်းပတ်အစောပိုင်း၌ ပိုလန်နိုင်ငံသို့ ရောက်ရှိနိုင်ဖွယ်ရှိပါသည်။
အလားတူ အမေရိကန်၊ အမှတ်(၁၈) လေကြောင်းချီတပ်ဖွဲ့ဌာနချုပ်မှ တပ်ဖွဲ့ဝင် ၃၀၀ ဦးသည်လည်း လွိုက်အော်စတင်၏အမိန့်အရ ဂျာမနီနိုင်ငံသို့ရောက်ရှိခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြထားခဲ့ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် ဖေဖော်ဝါရီလ ၁၁ ရက်တွင်လည်း F-16 တိုက်လေယာဉ်အုပ် ၁ အုပ်ကို ဂျာမနီနိုင်ငံမှ ရိုမေးနီးယား နိုင်ငံသို့ ပြောင်းရွှေ့တပ်ဖြန့်ချထားခဲ့ခြင်းဆောင်ရွက်ခဲ့ပါသည်။ ၎င်းကဲ့သို့ တပ်ဖြန့် ချထားမှုများလုပ်ဆောင်ခဲ့ခြင်းသည် အရှေ့ဥရောပဒေသရှိ မြောက်အတ္တလန္တိတ်စာချုပ် အဖွဲ့ (North Atlantic Treaty Organization-NATO) အဖွဲ့ဝင်နိုင်ငံများကို ကာကွယ်ပေးမည့် ၎င်း၏ကတိကဝတ်များနှင့်အညီ မဟာမိတ်နိုင်ငံများအပေါ် လုံခြုံမှုပေးစွမ်းနိုင်စေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရက ပြောကြားထားခဲ့ပါသည်။ အမေရိကန် နိုင်ငံ၏ ထိုကဲ့သို့ဆောင်ရွက်ခဲ့မှုများသည် ယခင်ကထက်ပို၍ စိုးရိမ်မှုများဖြစ်ပေါ်လာနေ ခြင်းကြောင့်သာ ယခုကဲ့သို့လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ (Maria Zakharova) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment