Anadolu Agency; Feb-15(Tue)
မာလီနိုင်ငံအတွင်း၌ အကြမ်းဖက်မှုနှိမ်နင်းရေးမစ်ရှင်အတွက် တပ်ဖြန့်ချထား သည့် ၎င်း၏တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီလ ၁၆ ရက်မှစတင်၍ တရားဝင်ရုပ်သိမ်း သွားမည်ဖြစ်ကြောင်း အက်စတိုးနီးယားကာကွယ်ရေးဝန်ကြီး ကာလီလာနတ် (Kalle Laanet) က ဖေဖော်ဝါရီလ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ မာလီနိုင်ငံ၏ လက်ရှိအစိုးရအနေဖြင့် ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်ပွဲများပြုလုပ်ပေးရန် အစီအစဉ်မရှိမှုသည် မာလီနိုင်ငံနှင့် ၎င်းတို့အကြားထားရှိသည့်သဘောတူညီမှုများကို မှေးမှိန်စေသည့်အတွက် ယခုကဲ့သို့တပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းရခြင်းဖြစ်ကြောင်း လာနတ်က ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် မာလီနိုင်ငံအတွင်းမှ တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခြင်းသည် ဆာဟဲလ် (Sahel) ဒေသအတွင်းရှိ အကြမ်းဖက်အဖွဲ့များ အပေါ်ဆင်နွှဲနေသည့် စစ်ဆင်ရေးများအား အဆုံးသတ်ခြင်းမဟုတ်ကြောင်းကိုလည်း လာနတ်က ထပ်လောင်းပြောကြားခဲ့ပါသည်။
အက်စတိုးနီးယားစစ်ဘက်သည် မာလီနိုင်ငံအတွင်း ပြင်သစ်ဦးဆောင်သည့် ဘက်ခ်ကရိန်း (Barkhane) အမည်ရှိ အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးများတွင် ပူးပေါင်း ပါဝင်ရန်အတွက် ၎င်း၏အထူးတပ်ဖွဲ့ဝင် ၉၅ ဦးပါဝင်သည့် ခြေလျင်တပ်စုတစ်စုအား မာလီနိုင်ငံ၊ ဂါအို (Gao) မြို့၌ ၂၀၁၉ ခုနှစ်မှစ၍ တပ်ဖြန့်ချထားခဲ့ပါသည်။ ထို့ပြင် အက်စတိုးနီးယားအထူးတပ်ဖွဲ့ဝင်များသည် မာလီနိုင်ငံအရှေ့မြောက်ပိုင်းတွင် လှုပ်ရှား လျက်ရှိသည့် တာကူဘာစစ်ဆင်ရေး (Operation Takuba) အမည်ရှိ ဥရောပစစ်ဘက် အထူးတာဝန်တပ်ဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။ မာလီ အသွင်ကူးပြောင်းရေးအစိုးရအနေဖြင့် ၎င်းနိုင်ငံအတွင်းရှိ ဒိန်းမတ်တပ်ဖွဲ့ဝင်များအား ချက်ချင်းရုပ်သိမ်းပေးရန် ဇန်နဝါရီလ ၂၄ ရက်တွင် တောင်းဆိုမှုများပြုလုပ်ခဲ့ပြီးနောက် အက်တိုးနီးယားကာကွယ်ရေးဝန်ကြီး၏ ယခုကဲ့သို့ တပ်ရုပ်သိမ်းမှုအစီအစဉ်ထွက်ပေါ် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ပြင်သစ်စစ်ဘက်သည် မာလီနိုင်ငံအပါအဝင် အာဖရိကဆာဟဲလ်ဒေသနိုင်ငံများ၌ ဘက်ခ်ကရိန်း (Barkhane) အမည်ရှိ အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးတစ်ရပ်အား တပ်ဖွဲ့ဝင်အင်အား ၅,၀၀၀ ကျော်ဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ပြင်သစ်ဦးဆောင်သည့် အဆိုပါစစ်ဆင်ရေးတွင် အက်စတိုးနီးယား၊ ဒိန်းမတ်နှင့် ဆွီဒင် နိုင်ငံများကဲ့သို့ ဥရောပနိုင်ငံများမှ အထူးတပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်ခဲ့ပါသည်။ မာလီ စစ်ဘက်မှ နိုင်ငံတော်အာဏာထိန်းသိမ်းခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်မှစ၍ မာလီအစိုးရနှင့် ပြင်သစ်နိုင်ငံတို့အကြား သဘောထားကွဲလွဲမှုများစတင်ဖြစ်ပေါ်လာခဲ့ရာ ဘက်ခ်ကရိန်းစစ်ဆင်ရေးအား အဆုံးသတ်ရန် အကြောင်းတရားတစ်ရပ်ဖြစ်စေခဲ့ပါသည်။ ထို့နောက် ပြင်သစ်နိုင်ငံသည် တင်ဘတ်တူ (Timbuktu) မြို့ရှိ အရေးပါသည့် စစ်အခြေစိုက် စခန်းအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် မာလီစစ်ဘက်သို့ လွှဲပြောင်းပေးမှု နှင့်အတူ ဘက်ခ်ကရိန်းစစ်ဆင်ရေးအား အဆုံးသတ်ကြောင်း ပြင်သစ်စစ်ဘက်က ထုတ်ပြန်ခဲ့သည်ကိုတွေ့ရှိရပါသည်။ ယခုကဲ့သို့ ပြင်သစ်စစ်ဘက်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမှုကြောင့် မာလီနိုင်ငံအတွင်း၌ ပြည်တွင်းအကြမ်းဖက်အန္တရာယ်များနှင့် ပိုမို ရင်ဆိုင်ရနိုင်သည့်အပြင် ဇန်နဝါရီလ ၉ ရက်တွင်ချမှတ်ခဲ့သော အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ (Economic Community of West African States - ECOWAS) ၏ ပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများကြောင့်လည်း နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍများတွင် အခက်အခဲအကျပ်အတည်းများစွာဖြင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိပါသည်။ သို့ဖြစ်ရာ ပြင်သစ်ဦးဆောင်သည့် ဥရောပနိုင်ငံများ၏ အကြမ်းဖက်နှိမ်နင်းရေး အထူး တပ်ဖွဲ့ဝင်များပြန်လည်ရုပ်သိမ်းမှုသည် အသွင်ကူးပြောင်းရေးကာလအတွင်း နိုင်ငံ၏ မဏ္ဍိုင်အရပ်ရပ်ကိုပြန်လည်တည့်မတ်ရန် ကြိုးပမ်းနေသည့် မာလီအစိုးရအတွက် ပြည်တွင်း အကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှုများနှင့် ပိုမိုရင်ဆိုင်ရနိုင်ဖွယ်ရှိသလို တစ်ဖက် တွင်လည်း ပြည်ပနိုင်ငံများ၏ဝင်ရောက်စွက်ဖက်မှုကင်းစွာဖြင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်အပြည့်အဝရရှိလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment