Anadolu Agency; Feb- 14 (Mon)
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံအနေဖြင့် တူရကီနှင့် မဟာ ဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်သွားရန် လိုလားလျက်ရှိကြောင်း ယူအေအီးအိမ်ရှေ့မင်းသား ရှိတ်မိုဟာမက်ဘင်ဇာရပ်အယ်လ်နာရမ် (Sheikh Mohammed bin Zayed Al Nahyan) က ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြောကြားခဲ့ပါသည်။ အယ်လ်နာရမ် သည် ယူအေအီးနိုင်ငံသို့ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တူရကီသမ္မတ အာဒိုဂန် (Erdogan) နှင့် မြို့တော် အဘူဒါဘီ (Abu Dhabi) ၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်စဉ်အတွင်း အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့တွေ့ဆုံစဉ်အတွင်း ၎င်းတို့အနေဖြင့် နှစ်နိုင်ငံအကြားကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအပြင် ဒေသတွင်းနှင့်ကမ္ဘာ့နိုင်ငံများအကြား လက်ရှိ ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ယူအေအီး နိုင်ငံအနေဖြင့် ဒေသတွင်းတည်ငြိမ်မှုရရှိစေရန်အတွက် နှစ်နိုင်ငံအပြန်အလှန်နားလည်မှု ရှိသော ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်နိုင်မည့် မည်သည့်ဆောင်ရွက်ချက် များကိုမဆို လက်ခံကြိုဆိုကြောင်း အယ်လ်နာရမ်က ပြောကြားခဲ့ပါသည်။
လက်ရှိသမ္မတ အာဒိုဂန်၏ ယူအေအီးခရီးစဉ်သည် နှစ်နိုင်ငံပြည်သူများနှင့် ဒေသတွင်းပြည်သူများအားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိစေရေး ဆောင်ရွက် ရာတွင် မိတ်ဖက်ဆက်ဆံရေးသစ် တစ်ရပ်တည်ဆောက်မှု နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု များကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း ယူအေအီး နိုင်ငံပိုင် Emirates သတင်းဌာနကဖော်ပြခဲ့ပါသည်။ အယ်လ်နာရမ်နှင့် အာဒိုဂန်တို့သည် ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြားကာကွယ်ရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရေးအတွက် သဘောတူညီချက် ၁၃ ချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment